
စစ်ကောင်စီက စုံနဲ့ မ စနစ်ကို သတ်မှတ်ခဲ့ပြီး စက်သုံးဆီခွဲတမ်းကို QR ကုတ်နဲ့ပေးမယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက် ဆီဆိုင်တွေမှာ Wheel Tax (ဘီးခွန်) QR ကုတ်ကို စကန်ဖတ်ရာမှာ ဖတ်မရလို့ ဆီမထုတ်ရသူတွေ များတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေဆီက သိရပါတယ်။
ဒီကနေ့ မတ် ၁၃ ရက် မနက် စက်သုံးဆီခွဲတမ်း သွားထုတ်ရာ ဆီဆိုင်မှာ Wheel Tax က QR ကုတ်ကို စကန်ဖတ်ရာ ဖတ်မရလို့ ဆိုင် ၃ ဆိုင်ထိ ပြောင်းခဲ့ပေမဲ့ QR ကုတ်မှာ လုံဝဖတ်မရတာကြောင့် ဆီမထုတ်ခဲ့ရဘူးလို့ တောင်ဥက္ကလာပမြို့နေသူတယောက်က DVB ကို ပြောပါတယ်။
“Denko မှာ အရင်သွားထုတ်တယ်၊ QR ကုတ်က ဖတ်မရဘူး၊ ဖတ်မရတော့ စိတ်ထဲမှာ သူတို့ အပလီကေးရှင်းက အယ်ရာတက်နေတာလား မသိဘူးဆိုပြီး ဆိုင် ၂ ဆိုင် ထပ်ပြီး ပြောင်းထုတ်တယ်။ အဲဒီမှာလည်း QR ကုတ် ဖတ်မရဘူး။ အဲဒါနဲ့ ဆီဆိုင်တွေက ညွှန်လို့ ကညနရုံး ပြန်သွားရတယ်။ ကညနရုံးရောက်တော့ QR က ဖတ်လို့ရတယ်။ ဆီဆိုင်မှာပဲ မရတာ။ ဘယ်နေရာမှာ လွဲနေလဲ မသိဘူး။ QR ဖတ်မရတော့ ဆီထုတ်လို့မရဘူး။”
စုံ နဲ့ မ အလှည့်ကျ ကားမောင်းရမဲ့ စနစ်ကြောင့် အခက်အခဲဖြစ်ရသလို QR ကုတ် စကန်မဖတ်လို့ စက်သုံးဆီ ထုတ်မရတာကြောင့် ကညနရုံးကို ကားငှားကာ QR ကုတ်ကို ပြန်လည်ပြင်ဆင်ရတယ်လို့ မင်္ဂလာဒုံမြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ဒီနေ့မနက် အောင်မင်္ဂလာအဝေးပြေးနားမှာ ဆရာကြီး ဆီဆိုင်မှာ ဆီသွားထုတ်တယ်။ Wheel Tax က QR က စကန်မဖတ်ဘူး။ ဆိုင်က အစ်ကို့ကားက စာရင်းမပါဘူး ပြောတယ်။ ဒါနဲ့ ကညနကို ဆက်သွယ်တော့ သူတို့ရုံးကို လာဖို့ပြောတယ်။ အဲ့အချိန် ကားက ဆီကုန်သွားလို့ လမ်းဘေးထိုးရပ်ပြီး ကညနကို ကားငှားပြီး QR ကုတ် သွားပြင်ရတယ်။ QR ကုတ်ရမှ ဆီထုတ်ရမှာ။ လတ်တလော ဆီထုတ်လို့မရဘူး။”
မနေ့ကတည်းက Wheel Tax QR ကုတ် ဖတ်မရလို့ တောင်ဥက္ကလာပမြို့နယ်ရှိ လိုင်စင်ရုံးမှာ လာရောက်ပြင်ဆင်သူတွေရှိပြီး ဒီကနေ့မှာ ပိုများကြောင်း လိုင်စင်ရုံးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ပြောချင်တာက ဆီဆိုင်တွေလည်း ဝန်ထမ်းတွေကို QR ကုတ်ဖတ်ဖို့ ကင်မရာ ကြည်လင်ပြတ်သားတဲ့ ဖုန်းတွေ ထားပေးသင့်တယ်။ ဖုန်းမကောင်းရင် QR ကုတ်က ဖတ်မရဘူး။ ဒီပြဿနာက မနေ့ကတည်းက ဖြစ်နေတာ။ တချို့ QR ကုတ် ပျက်နေတဲ့သူ ရုံးက အသစ်ပြန်ပြင်ပေးလိုက်တယ်။ မနေ့တနေ့ကမှ ထုတ်ပေးလိုက်တာ၊ Wheel Tax အသစ် QR ဖတ်မရတာကျတော့ စစ်စတန် ဒါမှမဟုတ် အပလီကေးရှင်းမှာ အယ်ရာတက်နေလို့ပေါ့။”
စက်သုံးဆီကို QR ကုတ်နဲ့ ထုတ်ရသလို ဆီဆိုင်တွေက 92/95 ဓာတ်ဆီကို ဆိုင်ကယ်နဲ့ အိုးဝေ သုံးဘီးတစီး ၃ လီတာ၊ အိမ်စီးကားနဲ့ တက္ကစီ ၁၅ လီတာ၊ ဒီဇယ် HSP/PD ကို အိမ်စီးကား ၂၅လီတာ၊ ခရီးသည်တင်ယာဥ်၊ ကုန်တင်ကား ၅၀ လီတာနဲ့ ကုန်တင်တွဲကားကြီး ၁၅၀ လီတာ ခွဲတမ်းနဲ့ ထုတ်ပေးတာ ဖြစ်ပါတယ်။
စက်သုံးဆီချွေတာသုံးစွဲရေးကို အကြောင်းပြပြီး စစ်ကောင်စီက မတ် ၃ ရက်ကစလို့ မော်တော်ယာဥ်အားလုံးကို စုံဂဏန်းနဲ့စတဲ့ မော်တော်ယာဥ်တွေ စုံရက်မှာထွက်ဖို့နဲ့ မဂဏန်းနဲ့စတဲ့ မော်တော်ယာဥ်တွေကို မ ရက်မှာ ထွက်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်က ထုတ်ပြန်ထားတဲ့ အမိန့်ကို ဖီဆန်ပြီး ရက်မှားပြီး အပြင်ထွက်ခဲ့မယ်ဆိုရင် မတ် ၁၄ ရက်ကစပြီး ထောင်ဒဏ်တလနဲ့ ငွေဒဏ် ၂၀,၀၀၀ သတ်မှတ် အရေးယူသွားမယ်လို့ အမိန့်ထုတ်ထားပါတယ်။


