Home
မြန်မာသတင်း
ထိုင်းပင်လယ်ပြင်၌ စက်သုံးဆီ မှောင်ခိုကူးမှုဖြင့် မြန်မာ ၁ ဦးကို ဖမ်းဆီး
DVB
·
March 13, 2026
ထိုင်းပင်လယ်ကွေ့၌ ဆီမှောင်ခိုတင်သင်္ဘာတစင်းကို တော်ဝင်ထိုင်းရေတပ်က စစ်ဆေးနေစဉ်။ (Photo: THAI-MECC)

ထိုင်းနိုင်ငံနဲ့ နယ်စပ် ကပ္ပလီပင်လယ်ပြင်အတွင်း စက်သုံးဆီမှောင်ခိုကူးမှုနဲ့ မြန်မာနိုင်ငံသားတယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ မတ် ၁၃ ရက် Bangkok Post သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

သူ့ရဲ့နာမည်ကိုတော့ ဉာဏ်ထွေးလို့ ဖော်ပြထားပြီး ရနောင်းခရိုင်တွင်း စက်သုံးဆီ ၅၇၀ လီတာကို နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးဖို့ ကြိုးပမ်းခဲ့တာလို့ ထိုင်းနိုင်ငံ အမှတ် ၃ ရေကြောင်းအာဏာတည်မြဲရေး ထိန်းကွပ်မှုဗဟိုဌာန (MECC) က ပြောပါတယ်။

ထိုင်းနိုင်ငံက စက်သုံးဆီတွေကို ပင်လယ်ရေကြောင်းကတဆင့် သယ်ဆောင်မဲ့လှေတစင်း ရှိနေကြောင်း သတင်းပေးချက်အရ ခုလို ဖမ်းဆီးနိုင်ခဲ့တာလို့ MECC အမှတ် ၃ ဒုညွှန်ကြားရေးမှူး ကပ္ပတိန်ချွန်နတီး နွိုင်းချမ်မ်ရတ်က ပြောပြီး ရေကြောင်းရဲတပ်ဖွဲ့ဟာ ဗုဒ္ဓဟူးနေ့မနက် ၈ နာရီခွဲလောက်က ပတ်နမ်ရပ်ကွက်ထဲက ရေပေါ်တံတားအနီး KT-224 အမည်ရ အဆိုပါလှေကို တားဆီးစစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

လှေကိုရှာဖွေရာမှာတော့ လှေပဲ့ပိုင်းထဲ ဝှက်ထားတဲ့ ၉၅ ဂက်စ်ဆိုဟော စက်သုံးဆီ ၅၇၀ လီတာလောက်ပါတဲ့ အပြာရောင် ပလတ်စတစ်ပုံး ၁၉ ပုံးကို တွေ့ရှိခဲ့ကြပြီး အဆိုပါ စက်သုံးဆီတွေကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ဆီ တရားမဝင်တင်ပို့ဖို့ ပြင်ဆင်ထားတာလို့ သူက ပြောပါတယ်။

ဒါပေမဲ့ သံသယရှိသူ အဆိုပါမြန်မာအမျိုးသားမှာ ပို့ကုန်စာရွက်စာတမ်းတွေ မတင်ပြနိုင်တဲ့အပြင် ဒါကို တခြားမြန်မာနိုင်ငံသားတယောက် ဘတ် ၂,၀၀၀ နဲ့ သယ်ဆောင်ခိုင်းတာလို့ သူက ဝန်ခံထားပါတယ်။

လက်ရှိမှာတော့ သူ့ကို အကောက်ခွန်ရှင်းလင်းမှုမရှိဘဲ ကုန်စည်တင်ပို့မှုအတွက် အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၄၂ အရ အမှုဖွင့်ခဲ့ပြီး ဥပဒေအရ အရေးယူနိုင်ရေး ပတ်နမ်ရဲစခန်းဆီ လွှဲပြောင်းပေးအပ်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် စစ်အာဏာသိမ်း မြန်မာနိုင်ငံမှာလည်း လောင်စာဆီရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။

ဒါ့အပြင် စစ်အုပ်စုက စက်သုံးဆီတင်သွင်းတဲ့ သင်္ဘောတွေရဲ့ ရေလမ်းကြောင်း သယ်ယူပို့ဆောင်ရေးမှာ ပိတ်ဆို့မှုတွေဖြစ်နေတဲ့ အကြောင်းပြချက်နဲ့ စက်သုံးဆီချွေတာရေး စီမံချက်အနေနဲ့ အိမ်စီးကားတွေကို မတ် ၇ ရက်ကစပြီး စုံဂဏန်းနဲ့ မဂဏန်း ခွဲခြားပြီး စုံ၊ မ နေ့ရက်အလိုက် မောင်းနှင်ဖို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေနံသန့်စင် ချက်လုပ်နိုင်စွမ်းဟာ အလွန်နည်းပါးပြီး စုစုပေါင်း လိုအပ်ချက်ရဲ့ ၃ ရာခိုင်နှုန်းလောက်ကိုပဲ ပြည်တွင်းကနေ ထုတ်ပေးနိုင်တာလို့ ISP Myanmar ရဲ့ ဒေတာအချက်အလက်အရ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတကာစံနှုန်းမှာ စွမ်းအင်လုံခြုံရေးအရ ရက် ၆၀၊ ရက် ၉၀ လောက် သိုလှောင်ထားနိုင်ရေး အကြံပြုကြတာကြောင့် မြန်မာနိုင်ငံမှာ အရန်စက်သုံးဆီ သိုလှောင်မှုက ရက် ၄၀ စာပဲ ရှိတာကို ကြည့်ပါက သယ်ယူပို့ဆောင်ရေးနဲ့ စိုက်ပျိုးရေးကဏ္ဍအတွက် အန္တရာယ်ရှိတဲ့ အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်။

Source: Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013