
ရခိုင်ပြည်နယ်ရှိ မွေးကင်းစနဲံ့ ၆ လကြား စစ်ရှောင်ကလေးတွေအတွက် နို့မှုန့်အာဟာရပြည့်ဝစေဖို့ ကချင်လူမျိုး မော်ဒယ်လုလုအောင်က ရခိုင်ပြည်နယ်အခြေစိုက် အရွယ်စုံ Arakanese Ladies အဖွဲ့ထံကို ကျပ်ငွေ သိန်း ၃၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေကြရတဲ့ ကလေးငယ်ထောင်နဲ့ချီရှိနေပြီး အဲဒီအထဲက ၆ လအောက် နို့စို့အရွယ် ကလေးငယ်တွေအတွက် ရည်ရွယ်ပြီး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
မော်ဒယ်လုလုအောင်ဟာ အရင်ကလည်း ကချင်နဲ့ ကရင်နီက စစ်ရှောင်းကလေးငယ်တွေအတွက် လှူဒါန်းခဲ့ဖူးပါတယ်။
ရခိုင်က စစ်ရှောင် ကလေးငယ်တွေအတွက် နို့အာဟာရလှူဒါန်းမှုဟာ “သာလီစွပါ တမြေထဲက သွေးချင်းမောင်နှမတွေတွက် ခေးကြီးရဲ့ မေတ္တာရေကြည်တပေါက်” လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အရွယ်စုံ Arakanese Ladies အဖွဲ့ဟာ စစ်ရှောင်ကလေးတွေနဲ့ အမျိုးသမီးအခွင့်အရေးအတွက် အဓိကဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတခုလည်းဖြစ်ပါတယ်။
အရင်ကလည်း ပြည်ပရှိ အနုပညာသမားတွေက HDCO နဲ့ ဆက်သွယ်ပြီး ရခိုင်က စစ်ရှောင်တွေအတွက် ငွေကြေးလှူဒါန်းခဲ့ကြတာတွေရှိပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ဘေးတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင် ၆ သိန်းခန့် ရှိတယ်လို့ HDCO က ထုတ်ပြန်ထားပြီး စစ်ရှောင်တွေဟာ စားဝတ်နေရေးကျပ်တည်းမှုနဲ့ လုံခြုံတဲ့ အမိုးအကာတွေ ရရှိနိုင်ဖို့ အကူအညီလိုအပ်နေကြပါတယ်။
ရခိုင်ပြည်နယ်မှာ မာန်အောင်မြို့နယ်တခုကလွဲပြီး ကျန်မြို့နယ် ၁၆ ခုက သိန်းနဲ့ချီတဲ့ ဒေသခံတွေစာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။


