
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးကုန်ကြောင်းတွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သား ကားသမားတယောက် သေဆုံးပြီးနောက် အိန္ဒိယ-ရခိုင် ကုန်သွယ်ရေး လမ်းကုန်းကို ၂ လပိတ်ထားဖို့ လောင်တလိုင် ခရိုင်တရားရုံးက အမိန့်ထုတ်လိုက်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာကို ကုန်စည်လာပို့တဲ့ ကားသမားတယောက် သေဆုံးခဲ့ပြီးနောက် လောင်တလိုင်ခရိုင်တရားရုံးက အခုလို အမိန့်ထုတ်လိုက်တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့ ဧပြီလ ၁၆ ရက်နေ့အထိ အမိန့်တစုံတရာ မထုတ်ပြန်မချင်း ကုန်သွယ်မှု လုံးဝမပြုလုပ်ကြဖို့ လောင်တလိုင်ခရိုင်တရားသူကြီးက လက်မှတ်ရေးထိုးပြီး အမိန့်ထုတ်လိုက်တာပါ။
အခုလို လမ်းကိုပိတ်ဆို့လိုက်တာကြောင့် မီဇိုရမ် ရောက်နေတဲ့ ကုန်သည်တွေကို အကျပ်ရိုက်စေပြီး ကုန်စိမ်းတွေ ဆုံးရှုံးမှုကြီးမားနိုင်တယ်လို့ လောင်တလိုင်ရောက် ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။
“လမ်းပိတ်ထားဖို့ လောင်တလိုင်ခရိုင်တရားရုံးက အမိန့်ထုတ်လိုက်ပြီ။ သူတို့ကတော့ ၂ လသက်တမ်းနဲ့ အမိန့်ထုတ်လိုက်တာ။ အဓိကတော့ သူတို့နိုင်ငံသား ကားသမား ရှင်းလက်ဝမှာ သေဆုံးမှုနဲ့ပတ်သတ်ပြီးတော့ လမ်းပိတ်ထားဖို့ ဆုံးဖြတ်လိုက်တာ။ လမ်းက ရုတ်တရက် ၂ လ ပိတ်လိုက်တော့ ကုန်သယ်တွေမှာ ဝယ်ယူထားတဲ့ ကုန်စိမ်းတွေ ပျက်စီးဆုံးရှုံးဖို့ဘက်ကို များသွားပြီ။ လမ်းမဖွင့်ပေးရင် ဆုံးရှုံးမှုက အတော်လေးကို ကြီးနိုင်တယ်။ အာဏာပိုင်တွေက ညှိနှိုင်းနေကြတယ်လို့တော့ ကြားတယ်။ အဆင်ပြေစေဖို့ပဲ ကုန်သည်တွေက မျှော်လင့်နေကြရတာ” လို့ ပြောပါတယ်။
လက်ရှိမှာ မီဇိုရမ်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ရခိုင်ကုန်သည် ရာနဲ့ချီပိတ်မိနေကြတာဖြစ်ပြီး ဝယ်ယူထားကြတဲ့ ကုန်စည်တွေဟာလည်း သယ်ယူခွင့် ပိတ်ပင်ခံထားကြရပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်ကောင်စီက ကုန်စည်စီးဆင်းမှုအားလုံးကို ပိတ်ဆို့ထားတာကြောင့် မီဇိုရမ်ပြည်နယ်က ကုန်စည်စီးဆင်းမှုကို အဓိကအားထားနေကြရတာပါ။
မီဇိုရမ်း-ရခိုင်လမ်းကြောင်း ပိတ်ဆို့လိုက်ပါက မီဇိုရမ်ရှိ ကုန်သည်တွေလည်း နစ်နာမှုရှိနိုင်သလို ရခိုင်ပြည်က စားသုံးသူတွေအပေါ်မှာလည်း ရိုက်ခတ်မှုတွေ ကြီးမားနိုင်တယ်လို့ မြောက်ဦးမြို့ ကုန်သည်တယောက်က ပြောပါတယ်။
“ကုန်သွယ်မှုလမ်းကြောင်း ၂ လပိတ်ခံလိုက်ရတယ်လို့တော့ ကြားတယ်။ အဲဒီလမ်းကြောင်းက ရခိုင်ပြည်အတွက် အသက်သွေးကြောပဲ။ လမ်းကြောင်း ပိတ်လိုက်ရင် မီဇိုရမ်းမှာရှိနေတဲ့ ကုန်သည်တွေ ဆုံးရှုံးနစ်နာမှာဖြစ်သလို ကုန်စည်းစီးဆင်မှုမရှိရင် ရခိုင်ပြည်မှာလည်း စားသုံးသူတွေအပေါ် ရိုက်ခတ်မှု ကြီးနိုင်တယ်။ လက်ရှိ ကုန်စည်ပြတ်တောက်မှု မရှိတာကြောင့် ဈေးနှုန်းမြင့်တက်တာတွေ မရှိသေးပေမဲ့ ကုန်စည်ပြတ်တောက်လာရင် ကုန်စည်နှုန်းတွေလည်း မြင့်တက်လာနိုင်တယ်” လို့ ပြောပါတယ်။
ပလက်ဝမြို့နယ်အတွင်း ကားသမားဖြစ်သူရဲ့ သေဆုံးမှု အဖြေမပေါ်မရှင်း ကုန်သွယ်မှုလမ်းကြောင်းကို ပိတ်ထားဖို့လည်း အိန္ဒိယအခြေစိုက် လိုင်လူငယ်အစည်းအရုံး(CYLA)နဲ့ မရာလူငယ်အစည်း (MTP) တို့က ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားကြပါတယ်။
လက်ရှိ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်း ပြန်ဖွင့်နိုင်ဖို့အတွက် မီဇိုရမ် အာဏာပိုင်နဲ့ အာရက္ခပြည်သူ့တော်လှန်အစိုးရတို့အကြား ညှိနှိုင်းနေကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်ဟာ အိန္ဒိယနိုင်ငံက စားသောက်ကုန်၊ ဆေးဝါးနဲ့ စက်သုံးဆီရရှိရေးအတွက် မီဇိုရမ်ပြည်နယ်ကို အဓိကအားထားနေကြရတာလည်း ဖြစ်ပါတယ်။


