
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကနေ ရခိုင်ပြည်နယ်က ကုန်စည်ပို့ဆောင်နေတဲ့ အိန္ဒိယနိုင်ငံသား ယာဉ်မောင်းတယောက် ပလက်ဝမြို့အတွင်းမှာ သေဆုံးမှု ဖြစ်ခဲ့တဲ့အတွက် အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးကို အိန္ဒိယဘက်က ယာယီရပ်တန့်ထားတယ်လို့ ရခိုင်ကုန်သည်တွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်က မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရှင်းလက်ဝကို ကုန်စည်လာပို့တဲ့ ကားသမားတယောက်ဟာ လမ်းမှာ သေဆုံးခဲ့တာကြောင့် သူသေဆုံးမှု အမှုမှန် ပေါ်ပေါက်ရေးအတွက် အိန္ဒိယဘက်က ကုန်သွယ်ရေးလမ်းကြောင်းကို ယာယီရပ်တန့်ထားလိုက်တာလို့ ရခိုင်ကုန်သည်တွေက ပြောပါတယ်။
လောင်တလိုင်မြို့ကို ရောက်နေတဲ့ ရခိုင်ကုန်သည်အမျိုးသားတယောက်က “လမ်းပိတ်ထားတာကတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကတည်းက လောင်တလိုင်မြို့နယ် အခြေစိုက် လိုင်လူငယ်အစည်းအရုံ (CYLA က လမ်းကို ပိတ်ထားတာရှိတယ်။ အဓိကတော့ ရှင်းလက်ဝကလာတဲ့ အိန္ဒိယနိုင်ငံသား ကားသမားတဦး သေဆုံးခဲ့တဲ့အတွက် သူသေဆုံးတာ ဘာကြောင့်သေတာလဲ၊ အသတ်ခံရတာလား၊ သူ့ဟာသူ ရောဂါတခုကြောင့် သေဆုံးသွားတာလား ဆိုပြီး စစ်ဆေးချက် အဖြေမရမချင်း လမ်းပိတ်ထားမယ်လို့တော့ ကြားတယ်။ ဘယ်လောက်ကြာမယ် ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
လောင်တလိုင်မြို့ကနေ ပလက်ဝမြို့နယ်ကို ကုန်စည်လာပို့တဲ့ ကားသမားဖြစ်သူ ပူးလားရမ်စန်းငါ ၃၇ နှစ်ဟာ ပလက်ဝကအပြန် လမ်းမှာ သေဆုံးခဲ့တာဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းပေါ်မှာ ဒဏ်ရာတချို့ တွေ့ရှိတာကြောင့် သေမှုသေခင်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ မီဇိုရမ်ဘက်က လာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။
လက်ရှိမှာ လမ်းကြောင်းပိတ်ထားတာကြောင့် မီဇိုရမ်ပြည်နယ်ကို ရောက်နေတဲ့ ကုန်သည်တွေဟာ ပိတ်မိနေကြပြီး ရက်ရှည်ကြာ လမ်းပိတ်ထားမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုတွေ ရှိနိုင်တယ်လို့ နောက်ထပ်ကုန်သည်တယောက်က ပြောပါတယ်။
“ကုန်သည်တွေတော့ ရာနဲ့ချီပြီး မီဇိုရမ်ပြည်နယ်ကို ရောက်ရှိနေကြတာ ရှိတယ်။ လမ်းက ရုတ်တရက် ပိတ်လိုက်တာဆိုတော့ ဘယ်သူမှ ပြင်ဆင်ချိန်မရလိုက်ဘူး။ ဘယ်နှရက်လောက် ပိတ်ထားတယ် ဆိုတာ မသိရသေးဘူး။ ရက်တာရှည် ပိတ်ထားမယ်ဆိုရင်တော့ တချို့ ဝယ်ယူပြီးသား စားကုန်တွေ ပျက်စီးမှုတွေရှိနိုင်သလို ကုန်သည်တွေမှာ စရိတ်စက ကြီးသွားမှာဖြစ်တယ်။ အဲဒီလို ရက်ရှည်ရင်တော့ ထိခိုက်ပျက်စီးမှုတွေ ရှိလာနိုင်တယ်။ အမြန်ဆုံး ဖွင့်ပေးဖို့တော့ မျှော်လင့်တာပေါ့။”
ရခိုင်ပြည်နယ်ဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေအတွက် မီဇိုရမ်ပြည်နယ်က အဓိက ကုန်သွယ်နေကြရတာဖြစ်ပြီး အခုလို ကုန်သွယ်ရေးလမ်းကြောင်းပိတ်တာက ရခိုင်ပြည်အတွင်း ကုန်ဈေးနှုန်းအပေါ်မှာလည်း ရိုက်ခတ်မှု ရှိနိုင်တယ်လို့ ကုန်သည်တွေက ပြောကြပါတယ်။
ရခိုင်ပြည်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီက ရခိုင်ပြည်နယ်ကို ကုန်စည်စီးဆင်းခွင့် ပိတ်ဆို့ထားတာကြောင့် မီဇိုရမ်ဘက်က ကုန်စည်တင်သွင်းမှုကို အဓိက အားထားနေရတာလည်း ဖြစ်ပါတယ်။


