
အိန္ဒိယအစိုးရက စားသုံးသူတွေအတွက် ယုံကြည်စိတ်ချရပြီး လုံခြုံတဲ့ အထောက်အပံ့တွေက တဆင့် သင့်လျော်တဲ့စျေးနှုန်းနဲ့ လုံလောက်တဲ့စွမ်းအင်ကိုရတာ သေချာစေရေး ကြိုးပမ်းနေချိန်မှာ လိုတဲ့အခါ စွမ်းအင်ထောက်ပံ့မှုရင်းမြစ် အများအပြားကို ထိန်းသိမ်းဖို့ စီစဉ်ထားတယ်လို့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗစ်ခရမ် မစ်စရီက ဖေဖော်ဝါရီ ၉ ရက်မှာ ပြောပါတယ်။
အိန္ဒိယအစိုးရက ရုရှားရေနံတင်သွင်းမှုကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ရပ်တန့်ဖို့ ကတိပြုခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပါတယ်။
အဲဒီနောက် ရုရှားရေနံဝယ်ယူမှုနဲ့ပတ်သက်တဲ့ အိန္ဒိယရဲ့ ရပ်တည်ချက်ကို ရှင်းလင်းပြတ်သားမှု ရှိရှိ ရှာဖွေဖို့ မေးခွန်းတခုကို မစ်စရီက မီဒီယာရှင်းလင်းပွဲတခုမှာ ဖြေကြားခဲ့တာပါ။
အိန္ဒိယရဲ့ ဦးစားပေးက လုံလုံလောက်လောက် ရရှိနိုင်မှု၊ တရားမျှတတဲ့စျေးနှုန်း၊ အထောက်အပံ့ရဲ့ ယုံကြည်စိတ်ချရမှုတို့က မောင်းနှင်တဲ့ စွမ်းအင်မူဝါဒကတဆင့် စားသုံးသူတွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့လို့ မစ်စရီက ပြောပါတယ်။
အိန္ဒိယဟာ ရေနံစိမ်းအတွက် ဘယ်ရင်းမြစ်တခုတည်းအပေါ်မှ မှီခိုနေတာ မဟုတ်သလို ရည်မှန်းချက်ရှိတဲ့ ဈေးကွက်အခြေအနေတွေအပေါ် မူတည်ပြီး “ရင်းမြစ်အမျိုးမျိုး” ကနေ တင်သွင်းဖို့ ရည်ရွယ်ထားတာလည်း မရှိဘူးလို့ မစ်စရီက ပြောပါတယ်။
“အမျိုးသား အကျိုးစီးပွား” ဟာ အစိုးရနဲ့ အိန္ဒိယ စွမ်းအင်ကုမ္ပဏီ ၂ ခုလုံးကို လမ်းညွှန်ပေးနေတယ်လို့လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်ဟာ ရုရှားရေနံဝယ်ယူမှုကြောင့် အိန္ဒိယကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းအားလုံးအပေါ် ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံမှုကို ရုပ်သိမ်းတဲ့ အမိန့်ကို ပြီးခဲ့တဲ့အပတ်က လက်မှတ် ရေးထိုးခဲ့ပါတယ်။
အိန္ဒိယရဲ့ စွမ်းအင်ရင်းမြစ်ကို မျိုးစုံသုံးမဲ့ ကြေညာချက်မှာ အသစ်အဆန်း တစုံတရာ မတွေ့ရဘူးလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က အစောပိုင်းမှာ ပြောခဲ့ပါတယ်။
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှု ဖိအားတွေနဲ့ အမေရိကန်-အိန္ဒိယ ကုန်သွယ်ရေးဆွေးနွေးပွဲတွေ အောက်မှာ ရေနံချက်စက်ရုံတွေဟာ တခြားရွေးချယ်စရာ ရေနံစည်တွေကို ရှာနေလို့ ဇန်နဝါရီလမှာ အိန္ဒိယရဲ့ ရုရှားရေနံတင်သွင်းမှု ကျဆင်းသွားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Source: Reuters


