
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၊ မက်ဂါလာယာပြည်နယ်မှာ တရားမဝင် ကျောက်မီးသွေးတွင်းတခု ဒိုင်းနမိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၈ ယောက် သေဆုံးခဲ့ကာ တခြားလုပ်သား အများအပြား ပိတ်မိနေနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ မကြာသေးတဲ့ နှစ်တွေအတွင်းမှာ ဒေသတွင်း အလားတူ အစုလိုက်အပြုံလိုက် အသေအပျောက်များတဲ့ ဖြစ်ရပ်အများအပြားထဲက နောက်ဆုံးဖြစ်ရပ်လို့လည်း ဆိုပါတယ်။
ပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် မနက် ၁၁ နာရီလောက်မှာ ဖြစ်ပွားခဲ့ပြီး အရှေ့ ဂျိန်းတိယ တောင်ကုန်းဒေသရှိ ကြွက်တွင်းမိုင်း လို့ခေါ်တဲ့ လူတကိုယ်စာ ဝင်သာရုံလောက် ကျဉ်းမြောင်းတဲ့ သတ္တုတွင်းထဲမှာ ဖြစ်ပွားခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။
မက်ဂါလာယာပြည်နယ် ဝန်ကြီးချုပ် ကွန်ရက်ဆန်ဂ်မာက အဲဒီပေါက်ကွဲမှုဟာ တန်ဂ်စကိုဒေသ၊ မွန်ဆင်ဂတ်နေရာရှိ တရားမဝင် ကျောက်မီးသွေးတွင်းမှာ ဒိုင်းနမိုက်ဖောက်ခွဲမှုကြောင့် ဖြစ်ပွားခဲ့လို့ သေဆုံးသူ ၁၈ ယောက်အပြင် ဒဏ်ရာရရှိထားတဲ့ လူတယောက်ကို ဆေးရုံကို ပို့ဆောင်ထားကြောင်း ပြောပါတယ်။
အခင်းဖြစ်ပွားရာကို ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေပြီး ကယ်ဆယ်ရေးအဖွဲ့တွေဟာ သတ္တုတွင်းလုပ်သားတွေဆီ ရောက်ရှိနိုင်ဖို့ လုပ်နေပေမဲ့ လိုအပ်တဲ့ ကိရိယာပစ္စည်း မလုံလောက်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ယာယီရပ်နားထားရကြောင်း ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
ဒါပေမဲ့ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြေအောက်တွင်းထဲကို ပြန်ဆင်းပြီး ရှာဖွေမှုတွေကို ဆက်လုပ်ဆောင်နေပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း လူမှုမီဒီယာကတဆင့် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး သေဆုံးသူ တယောက်ချင်းစီရဲ့ မိသားစုတွေကို အရေးပေါ် ထောက်ပံ့ငွေ ရူပီး ၂၀၀,၀၀၀ နဲ့ ဒဏ်ရာရသူတွေကို ရူပီး ၅၀,၀၀၀ ပေးအပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
တချိန်က အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်မှာ ကြွက်တွင်းမိုင်းတွေမှာ သတ္တုရှာဖွေမှုတွေ ရှိခဲ့ပေမဲ့ သေဆုံးမှုအရေအတွက် များပြားတာနဲ့ ပတ်ဝန်းကျင်ပျက်စီးမှုတွေကြောင့် ၂၀၁၄ ခုနှစ်မှာ ပိတ်ပင်ခဲ့ပါတယ်။
ဒါပေမဲ့ တရားမဝင် ကြွက်တွင်းမိုင်းတွေမှာ လုပ်ကိုင်မှုတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။ အစိုးရရဲ့ စာရင်းတွေအရ ၂၀၁၂ ခုနှစ်ကစပြီး အရှေ့မြောက်ပိုင်းပြည်နယ်တွေဖြစ်တဲ့ အာသံနဲ့ မက်ဂါလာယာပြည်နယ်တွေမှာ တရားမဝင် မိုင်းတူးဖော်မှုတွေကြောင့် လူပေါင်း ၆၃ ယောက်လောက် သေဆုံးခဲ့ပါတယ်။


