
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မှတ်ချက်တွေ ရှိနေပေမဲ့ အိန္ဒိယက ရုရှားဆီက ရေနံစိမ်းဝယ်ယူမှုကို ရပ်ဖို့ မဖြစ်နိုင်ဘူးလို့ ရုရှားဖက်ဒရေးရှင်းအစိုးရလက်အောက်က ဘဏ္ဍာရေးတက္ကသိုလ် ပါမောက္ခအီဂေါ်ယူရှ်ကော့ဗ်က ဖေဖော်ဝါရီ ၃ ရက်မှာ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ရုရှားနဲ့ အိန္ဒိယအကြား လက်ရှိသဘောတူညီချက်တွေထဲမှာ အိန္ဒိယက ဈေးကွက်ပေါက်ဈေးနဲ့ သန့်စင်ရောင်းချတဲ့ ရုရှားရေနံစိမ်းအတွက် လျှော့စျေးပါတယ်လို့ အီဂေါ် ယူရှ်ကော့ဗ်က ပြောခဲ့ပြီး အိန္ဒိယဟာ ရုရှားဆီကဝယ်တဲ့ ရေနံပမာဏကို ဖုံးကွယ်ထားနိုင်တယ်လို့ ထပ်ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာ မိုဒီနဲ့ ဖုန်းခေါ်ဆိုမှုအပြီးမှာ လူမှုမီဒီယာပေါ်မှာ သဘောတူညီချက်ကို ကြေညာခဲ့တာပါ။
အိန္ဒိယက ရုရှားရေနံဝယ်ယူမှုကို ရပ်ဖို့နဲ့ အမေရိကန်ဆီ တင်ပို့ကုန်တွေအပေါ် ကုန်သွယ်ရေး အတားအဆီးတွေကို လျှော့ချဖို့ သဘောတူခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ ကြေညာချက်က အသေးစိတ်အချက်အလက်တွေ နည်းပေမယ့် အိန္ဒိယက အမေရိကန်ဆီ က ရေနံ၊ ကာကွယ်ရေးပစ္စည်းတွေနဲ့ လေယာဉ်တွေကို ဝယ်ဖို့ သဘောတူခဲ့ပြီး ထိန်းချုပ်ထားတဲ့ စိုက်ပျိုးရေးကဏ္ဍကို တစိတ်တပိုင်း ဖွင့်ပေးခဲ့တယ်လို့ အိန္ဒိယအစိုးရ အရာရှိတယောက်က ပြောခဲ့ပါတယ်။
ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ် က ရုရှားရေနံဝယ်ယူမှု ကို ရပ်တာနဲ့ ပတ်သက်ပြီး အိန္ဒိယဆီက ထုတ်ပြန်ချက်တစုံတရာ မကြားသိရဘူးလို့ အင်္ဂါနေ့အစောပိုင်းမှာ ပြောခဲ့ပါတယ်။
Source:Reuters


