
အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နီးရ်မာလာဆီသာရာမန်ဟာ နောက်ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် ဘတ်ဂျက်ကို လွှတ်တော်မှာ ဖေဖော်ဝါရီ ၁ ရက်က တင်ပြခဲ့ပါတယ်။
အိန္ဒိယဟာ တပိုင်းလျှပ်ကူးပစ္စည်းတွေ၊ ဇီဝဆေးဝါးနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေလို ကဏ္ဍတွေကို ဦးစားပေးတဲ့ အနေနဲ့ ဘတ်ဂျက်မှာ ရှေ့တန်းတင် တွန်းအားပေးခဲ့ပေမဲ့ ပထဝီနိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာချိန်မှာ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ဖို့ ရင်းနှီးမြှုပ်နှံသူတွေ ရှာနေတဲ့ ရဲရင့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်နိုင်ခဲ့ဘူးလို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။
ရည်မှန်းချက်ကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေမရှိဘဲ ကန်ထရိုက်စာချုပ်တွေအပေါ် ငွေပေးငွေယူအခွန် တိုးမြှင့်တာတွေက ရှယ်ယာဈေးကွက်တွေကို ထိတ်လန့်စေခဲ့ပြီး ၆ နှစ်အတွင်း အဆိုးရွားဆုံး ဘတ်ဂျက်စွမ်းဆောင်ရည်အတွက် ၂ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။
အိန္ဒိယစီးပွားရေးဟာ အိန္ဒိယကုန်စည်တချို့အပေါ် အမေရိကန်ရဲ့ ၅၀ ရာခိုင်နှုန်းအခွန်နဲ့ ပထဝီနိုင်ငံရေး အပြောင်းအလဲတွေကို ကျော်လွှားနိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်နေ့မှာ ကုန်ဆုံးမဲ့ ဘဏ္ဍာရေးနှစ်မှာ ပြည်တွင်းအသားတင်ထုတ်ကုန် တိုးတက်မှု ၇ ဒသမ ၄ ရာခိုင်နှုန်း ရှိမယ်လို့ မျှော်လင့်ရပါတယ်။
ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ အိန္ဒိယရှယ်ယာတွေကို စံချိန်တင် ရောင်းချခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ရောင်းရငွေက ဒေါ်လာ ၂၂ ဘီလီယံအထိ ရောက်လာခဲ့ပြီး ရူပီးငွေတန်ဖိုးဟာလည်း မှတ်တမ်းကာလတလျှောက်မှာ အနိမ့်ဆုံးအဆင့်ထိ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။
လာမဲ့ဘဏ္ဍာရေးနှစ်အတွက် တနင်္ဂနွေနေ့က တင်သွင်းတဲ့ ဘတ်ဂျက်ဟာ ဈေးကွက်တွေကို မြှင့်တင်ဖို့ အင်အားချို့တဲ့နေပြီး “တိုးတက်မှု” မဟုတ်ဘူးလို့ စီးပွားရေးပညာရှင်တွေနဲ့ အဆင့်သတ်မှတ်တဲ့ အေဂျင်စီတခုက ပြောခဲ့ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးက စက်ပစ္စည်း၊ အဆောက်အအုံနဲ့ ကားတွေလို ငွေလုံးငွေရင်း စိုက်ထည့်ရတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံမှုတွေကို လျှော့ချခဲ့ပြီး အီလက်ထရွန်းနစ် ထုတ်လုပ်မှု အစီအစဉ်အတွက် ဘတ်ဂျက်ကို ရူပီး ၄၀၀ ဘီလီယံအထိ နှစ်ဆတိုးမြှင့်ခဲ့ပါတယ်။
Apple လို နိုင်ငံခြားကုမ္ပဏီတွေက စာချုပ်ချုပ်ထားတဲ့ ထုတ်လုပ်သူတွေဆီ စက်ပစ္စည်းတွေကို လွတ်လွတ်လပ်လပ် ပံ့ပိုးပေးနိုင်ပြီး အခွန်အန္တရာယ်တွေကို ဖယ်ရှားပေးနိုင်တယ်လို့ ဝန်ကြီးက ကြေညာခဲ့ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဟာ ဆေးဝါး၊ တပိုင်းလျှပ်ကူးပစ္စည်းတွေ၊ ရှားပါးသတ္တု သံလိုက်တွေ၊ စက်ပစ္စည်း၊ အဆောက်အအုံနဲ့ ကားတွေလို ကုန်ပစ္စည်းတွေနဲ့ အထည်အလိပ်တွေ အပါအဝင် ကဏ္ဍ ၇ ခုမှာ ထုတ်လုပ်မှုဦးစားပေးတွေကို တိုးမြှင့်ဖို့ ကတိပြုခဲ့ပါတယ်။
Source: Reuters


