
အိန္ဒိယနိုင်ငံမှာ နီပါးဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ယောက်နဲ့ ထိတွေ့ခဲ့သူပေါင်း ၁၉၀ ကျော်ကို စစ်ဆေးခဲ့ရာမှာ ရောဂါပိုးတွေ့ရှိတာ ဒါမှမဟုတ် ရောဂါလက္ခဏာပြသတာ တယောက်မှ မရှိတဲ့အတွက် ဗိုင်းရပ်စ်ပြန့်ပွားနိုင်ခြေမှာ နည်းပါးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တာဝန်ရှိသူတယောက်က ဇန်နဝါရီ ၃၀ ရက်မှာ ပြောပါတယ်။
WHO ရဲ့ ကျန်းမာရေးအရေးပေါ်အစီအစဉ် တာဝန်ရှိသူ အာနိုက်လဲဂန်းက "နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အဆင့်တွေမှာ ဒီရောဂါပြန့်ပွားနိုင်ခြေဟာ နည်းပါးတယ် လို့ သတ်မှတ်ထားပါတယ်" လို့ ဂျီနီဗာမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရောဂါကူးစက်ခံရသူ ၂ ယောက်စလုံးဟာ ရောဂါလက္ခဏာပြနေချိန်အတွင်း ခရီးသွားလာခဲ့ခြင်း မရှိကြောင်းလည်း ပြောပါတယ်။
WHO အနေနဲ့ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ ပြောင်းလဲမှု ရှိ၊ မရှိ ဆန်းစစ်နိုင်ဖို့ အိန္ဒိယနိုင်ငံမှ ဗိုင်းရပ်စ်မျိုးဗီဇ အစဉ်ပြကို ထုတ်ပြန်ပေးမဲ့ အချိန်ကို စောင့်ဆိုင်းနေကြောင်းနဲ့ လက်ရှိအချိန်အထိ စိုးရိမ်စရာ အထူးအချက်အလက်တွေ မရှိသေးကြောင်း လဲဂန်းက ပြောပါတယ်။
ကူးစက်မှုဖြစ်ပွားရတဲ့ အရင်းအမြစ်ကို လုံးဝမသေချာသေးဘဲ ထန်းရည် ဒါမှမဟုတ် အုန်းရည် သောက်သုံးမှုကြောင့် ဖြစ်နိုင်ခြေတွေနဲ့ ကျန်းမာရေးစောင့်ရှောက်ရေး အဆောက်အအုံတွေမှာ ထိတွေ့ကူးစက်မှု ဖြစ်နိုင်ခြေတွေကို စဉ်းစားသုံးသပ်နေကြောင်းလည်း လဲဂန်းက ပြောပါတယ်။
အသီးအနှံစား လင်းနို့တွေနဲ့ ဝက်တို့လို တိရစ္ဆာန်တွေကနေ သယ်ဆောင်လာတဲ့ ဗိုင်းရပ်စ်ဟာ ဖျားနာမှုနဲ့ ဦးနှောက်ရောင်ရမ်းမှုကို ဖြစ်ပေါ်စေနိုင်ပြီး သေဆုံးနှုန်းမှာ ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ ကုသနိုင်တဲ့ ဆေးမရှိသေးဘဲ စမ်းသပ်ဆဲအဆင့် ကာကွယ်ဆေးတွေသာ ရှိနေသေးတာပါ။
အိန္ဒိယနိုင်ငံမှာ နီးပါးဗိုင်းရပ်စ် ကူးစက်မှုတွေကို အတည်ပြုပြီးနောက်မှာ ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ အပါအဝင် အာရှဒေသရှိ နိုင်ငံတချို့ဟာ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့အတွက် လေဆိပ်တွေမှာ စစ်ဆေးရေးလုပ်ငန်းတွေကို အခုသီတင်းပတ်အတွင်း တင်းကျပ် လုပ်ဆောင်ခဲ့ကြပါတယ်။
Source: Reuters


