Home
ဆောင်းပါး
နီပါး ဗိုင်းရပ်စ် ဆိုတာ ဘာလဲ၊ ဘယ်လောက်စိုးရိမ်ရလဲ
DVB
·
February 3, 2026
Photo: Reuters

သေဆုံးနှုန်းမြင့်မားတဲ့ နီပါး ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ယောက် အိန္ဒိယနိုင်ငံမှာ  တွေ့ရှိခဲ့အပြီးမှာ အိမ်နီးချင်း ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကတော့ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ဖို့ လေဆိပ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ဒါကြောင့် နီပါးဗိုင်းရပ်စ် ဆိုတာ ဘာလဲ၊ ဘယ်လောက်အထိ စိုးရိမ်သင့်သလဲ ဆိုတာ တင်ပြသွားမှာ ဖြစ်ပါတယ်။

နီပါးဗိုင်းရပ်စ် ဆိုတာ ဘာလဲ၊ ဘယ်လောက်ထိ စိုးရိမ်ရသလဲ

နီပါး ဆိုတာကတော့ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေ၊ အဓိကအားဖြင့် လင်းဆွဲတွေကနေတဆင့် လူကို ကူးစက်တတ်တဲ့ ရှားပါး ဗိုင်းရပ်စ်ပိုးတမျိုး ဖြစ်ပါတယ်။ လင်းဆွဲ (Fruit Bat) ဆိုတာ လင်းနို့အကောင်ကြီးမျိုးပါပဲ။ လင်းဆွဲတွေဟာ ခြံဥယျာဉ်တွေမှာ လူတွေ စိုက်ပျိုးထားတဲ့ သစ်သီးဝလံတွေကို ညအချိန် လိုက်လံစားသောက် ဖျက်ဆီးတတ်ပြီးတော့ လင်းနို့ကတော့ ပိုးမွှားတွေကိုသာ စားလေ့ရှိပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ ဒီရောဂါ ကူးစက်ခံရရင် လက္ခဏာမပြဘဲလည်း နေတတ်သလို တခါတရံမှာတော့ အင်မတန်အန္တရာယ်ကြီးနိုင်ပါတယ်။ ဒေသအလိုက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေရဲ့ ရောဂါရှာဖွေနိုင်မှုနဲ့ ကုသနိုင်မှုအပေါ် မူတည်ပြီး ကူးစက်ခံရသူတွေရဲ့ ၄၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ပါတယ်။ ဒါပေမဲ့ ပညာရှင်တွေနဲ့ ဥရောပ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာ (European CDC) ရဲ့ ပြောကြားချက်အရ ဒီရောဂါဟာ လူအချင်းချင်း ကူးစက်နိုင်ခြေရှိပေမဲ့ အလွယ်တကူတော့ မကူးစက်နိုင်ပါဘူး။ ဒါကြောင့် ရောဂါဖြစ်ပွားမှုတွေဟာ အနည်းငယ်သာရှိပြီး ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ လက်ရှိမှာ ကာကွယ်ဆေးရဖို့ စမ်းသပ်မှုတွေ လုပ်ဆောင်နေပေမဲ့ တရားဝင် အသိအမှတ်ပြုထားတဲ့ ဆေးတော့ မရှိသေးပါဘူး။

ဒီရောဂါပိုး ဘယ်လောက် အဖြစ်များသလဲ

နီပါးဗိုင်းရပ်စ်ကို ၁၉၉၉ ခုနှစ်တုန်းက မလေးရှားမှာ စတွေ့ခဲ့တာပါ။ အဲဒီနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်စဉ်လိုလို အနည်းအကျဉ်း ဖြစ်ပွားလေ့ရှိသလို အိန္ဒိယနိုင်ငံမှာလည်း ရံဖန်ရံခါ ဖြစ်ပွားလေ့ရှိပါတယ်။ ကပ်ရောဂါအန္တရာယ်တွေကို စောင့်ကြည့်ပြီး ကာကွယ်ဆေး ထုတ်လုပ်မှုကို ပံ့ပိုးပေးနေတဲ့ CEPI အဖွဲ့ရဲ့  စာရင်းအရ ဒီဇင်ဘာလအထိ စုစုပေါင်း လူနာ ၇၅၀ တွေ့ရှိခဲ့ရာမှာ ၄၁၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရောဂါပိုး ဘယ်လို ပျံ့နှံ့သလဲ

မလေးရှားမှာ စတွေ့တုန်းကတော့ နီပါးဗိုင်းရပ်စ်ဟာ နာမကျန်းဖြစ်နေတဲ့ ဝက်တွေ ဒါမှမဟုတ် ရောဂါပိုးပါတဲ့ တစ်ရှူးတွေနဲ့ တိုက်ရိုက်ထိတွေ့မှုကတဆင့် ကူးစက်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ သဘာဝအလျောက် ရောဂါလက်ခံကောင်ဖြစ်တဲ့ လင်းဆွဲတွေနဲ့ ထိတွေ့မိရာကနေ အဓိက ကူးစက်လာတာကို တွေ့ရပါတယ်။ အထူးသဖြင့် ရောဂါပိုးရှိတဲ့ လင်းဆွဲတွေရဲ့ ဆီး ဒါမှမဟုတ် တံတွေးတွေ ပေကျံနေတဲ့ အသီးအနှံတွေ၊ စွန်ပလွန်ရည် အစိမ်းလိုမျိုး အစားအသောက်တွေကို စားသုံးမိရာကနေ ကူးစက်ဖို့ အခွင့်အလမ်း အများဆုံးဖြစ်တယ်လို့ WHO က ဆိုပါတယ်။ လူအချင်းချင်း ကူးစက်မှုကတော့ လူနာနဲ့ အနီးကပ်နေရတဲ့ မိသားစုဝင်တွေနဲ့ ပြုစုစောင့်ရှောက်သူတွေကြားမှာ အဓိက တွေ့ရလေ့ရှိပါတယ်။

ရောဂါလက္ခဏာတွေ

နီပါးရဲ့ ကနဦးလက္ခဏာတွေကတော့ ဖျားတာ၊ ခေါင်းကိုက်တာနဲ့ ကြွက်သားနာကျင်တာတွေ ဖြစ်ပြီး ဒါတွေက တခြားရောဂါတွေနဲ့ မှားယွင်းနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ ဦးနှောက်ရောင်ရမ်းတဲ့ လက္ခဏာတွေ ပြသလာပြီး တချို့လူနာတွေမှာ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေပါ ခံစားရနိုင်ပါတယ်။ အခြေအနေဆိုးရင် တက်တာတွေ ဖြစ်နိုင်ပြီး ရက်ပိုင်းအတွင်း သတိမေ့မြောတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ရောဂါသက်သာလာသူ အများစုဟာ အပြည့်အဝ ပြန်လည်ကျန်းမာလာကြပေမဲ့ တချို့မှာတော့ ရေရှည် အာရုံကြောဆိုင်ရာ ဝေဒနာတွေကို ခံစားကြရပါတယ်။

ဘယ်လောက်အထိ  စိုးရိမ်ရသလဲ

နီပါးဟာ သေဆုံးနှုန်းမြင့်မားတဲ့ အန္တရာယ်ရှိ ရောဂါတခုဖြစ်ပေမဲ့ လူအချင်းချင်း ကူးစက်မှုနှုန်း မြင့်တက်လာတာမျိုး၊ ကမ္ဘာအနှံ့ အလွယ်တကူ ပြန့်ပွားတာမျိုးတော့ မတွေ့ရသေးဘူးလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ WHO ကတော့ ရောဂါဖြစ်ပွားလေ့ရှိတဲ့ နိုင်ငံတွေအတွက် အရေးကြီးတဲ့ ပြည်သူ့ကျန်းမာရေး ပြဿနာတရပ်အဖြစ် သတ်မှတ်ထားပါတယ်။ ပညာရှင်တွေကတော့ ကမ္ဘာအနှံ့ ကူးစက်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပေမဲ့ ဗိုင်းရပ်စ်ရဲ့ ရောဂါပျိုးကာလ (incubation period) ကြာမြင့်တာကြောင့် လေဆိပ်တွေမှာ စစ်ဆေးမှုတွေက ထိရောက်မှု မရှိနိုင်ဘူး ဆိုတာကိုလည်း ထောက်ပြထားကြပါတယ်။

ကာကွယ်ဆေးနဲ့ ကုသဆေးတွေ ရှိနေပြီလား

လက်ရှိအချိန်ထိ နီပါးအတွက် အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေး ဒါမှမဟုတ် ကုသဆေး မရှိသေးပါဘူး။ ဒါပေမဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရာမှာ ပါဝင်ခဲ့တဲ့ အောက်စဖို့ဒ် တက္ကသိုလ် သိပ္ပံပညာရှင်တွေ ဖော်စပ်ထားတဲ့ ဆေးအပါအဝင် စမ်းသပ်ဆဲ ကာကွယ်ဆေး တော်တော်များများတော့ ရှိနေပါတယ်။ အဲဒီ နီပါးကာကွယ်ဆေးကို အလားတူ နည်းပညာနဲ့ ဖော်စပ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုတိယအဆင့် စမ်းသပ်မှုတွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။  နီပါးဗိုင်းရပ်စ် ပျံ့နှံ့နိုင်ခြေနည်းပါးသလို အိန္ဒိယမှာ ကူးစက်ခဲ့တဲ့သူ နှစ်ဦးနဲ့ ထိတွေ့ခဲ့သူ ၁၉၀ ကျော်ကို စစ်ဆေးခဲ့ရာမှာ ဘယ်သူ့ဆီမှာမှ ကူးစက်ခံရတာ မတွေ့သလို ရောဂါလက္ခဏာလည်း မတွေ့ရဘူးလို့ WHO က ဇန်နဝါရီလ ၃၀ ရက်နေ့မှာ နောက်ဆုံး ထုတ်ပြန်ထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013