Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုများကြောင့် ရခိုင်ဒေသခံများ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ပိုဆိုးလာ
DVB
·
February 17, 2026

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်က မြို့နယ်တွေမှာ စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ၂ ပတ်အတွင်းမှာ ဒေသခံပြည်သူ ၁၁ ယောက် သေဆုံးပြီး ၂၈ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဲဒီနောက်ဆက်တွဲအနေနဲ့ ဒေသခံတွေနဲ့ ကျန်ရစ်သူမိသားစုဝင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ ကျီးလန့်စာစား နေထိုင်နေရပါတယ်။

စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေဆဲ ရခိုင်ပြည်နယ်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသတွေမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပြီး အရပ်သား သေဆုံးမှုတွေလည်း ရှိနေပါတယ်။

AA ထိန်းချုပ်မြို့နယ်တွေမှာ ဖေဖော်ဝါရီ ၂ ရက်ကနေ ၁၅ ရက်အထိ နှစ်ပတ်အတွင်းမှာ စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လသားအရွယ် ကလေးငယ်တယောက်၊ ၇ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် အမျိုးသမီး ၅ ယောက်၊ အမျိုးသား ၄ ယောက်တို့ သေဆုံးခဲ့ရပါတယ်။

ခုလို လေကြောင်းဗုံးကြဲချမှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူ ၂၈ ယောက် ဒဏ်ရာပြင်းထန်ရရှိခဲ့သလို ဈေးဆိုင်ခန်းတွေနဲ့ လူနေအိမ် ၂၀ ထက်မနည်းလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ရခိုင်က ဒေသခံတွေဟာ ဒီလို ဗုံးကြဲခံရမှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်မဆောက်နိုင်တဲ့အပြင် မိသားစုဝင်တွေ ဆုံးရှုံးသွားတဲ့သူတွေမှာလည်း စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ကျောက်တော်ဒေသခံတယောက်က ပြောပါတယ်။

“ဗုံးကြဲခံရပြီး သေဆုံးသွားတဲ့သူတွေရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေကတော့ ကိုယ့်မျက်စိရှေ့မှာတင် မိသားစုဝင်တဦး ဆုံးရှုံးသွားရတော့ ကြောက်လန့်ပြီးတော့ ယူကျုံးမရဖြစ်တာ ရှိတယ်။ ကိုယ်လည်း ဘယ်နေ့ ဘယ်လို ဖြစ်မလဲဆိုတာ မသိဘူး။ အဲဒီလိုမျိုးစိတ်တွေနဲ့ အရူးတပိုင်း ဖြစ်နေတာတွေ ရှိတယ်။ ဗုံးကြဲနေရာမှာ ပါသွားတဲ့ တချို့ဆိုရင် အလောင်းတွေက ပျက်စီးသွားတာတွေ ရှိတယ်။ ကိုယ့်သားသမီးတွေက ပါသွားတာလား၊ မပါသွားဘူးလား၊ ဒါမှမဟုတ် ဆေးရုံမှာများ ရှိနေမလား၊ အဲဒီလိုမျိုး လိုက်ရှာတဲ့မိသားစုတွေလည်း ရှိနေပါတယ်။ ကိုယ့်သားသမီးက ဘယ်မှာရှိနေလဲ၊ ဘယ်လိုပုံစံမျိုး ကျန်ခဲ့လဲ၊ အဲဒီလိုမျိုး အရူးတပိုင်းနဲ့ ကယောင်ကတမ်းတွေဖြစ်ပြီးတော့ လမ်းတွေမှာ လျှောက်သွားနေတာမျိုး၊ ဆေးရုံ၊ ဆေးခန်းတွေနားမှာ လိုက်ရှာနေတာတို့ ရှိပါတယ်။”

အခုလို စစ်တပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေဟာ သာမန်အရပ်သား နေအိမ်တွေတင်မကဘဲ စစ်ဘေးရှောင်ပြည်သူတွေ ရှိရာနေရာတွေအထိကိုပါ တိုက်ခိုက်မှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်နေကြတဲ့နေရာတွေကို ဗုံးလာကြဲချနေလို့ ကျောက်ဖြူက စစ်ရှောင်တွေဟာ စစ်ရှောင်ပြီးရင်း စစ်ရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကျောက်ဖြူက စစ်ရှောင်ပြည်သူတွေအနေနဲ့ ထိရောက်တဲ့ ကူညီပေးမှုတွေ လိုအပ်နေတယ်လို့ မြေပြင် စစ်ရှောင်ကူညီပေးနေတဲ့ ရမ္မာမြီ ပရဟိတအဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။

“စစ်ဘေးရှောင်တွေက အဆင့်ဆင့် ရှောင်နေရတဲ့ အခြေအနေတွေပါ။ ပထမဘေး လွတ်ပြီထင်ပြီး ရှောင်နေတဲ့ နေရာတွေကို လေယာဉ် ဒရုန်းဗုံးတွေ အကြိမ်ကြိမ် လာကြဲချနေလို့ ဒီရက်ပိုင်းမှာလည်း စစ်ရှောင်တွေက ပထမရှောင်နေတဲ့ နေရာက တခြား အဝေးဆုံးနေရာတွေကို ထပ်ကာထပ်ကာ ရှောင်နေရပါတယ်။ မြေပြင် လူထုတွေက နေ့စဉ် စိတ်လုံခြုံမှု မရှိကြပါဘူး၊ ဘုရားတနေကြရတယ်။ အစ်ကိုတို့အဖွဲ့လည်း လှူပြီးရင် ပြေးကြရတာပါပဲ။ ကောင်းကင်မှာ လေယာဉ်၊ ဒရုန်းတွေ ပျံသန်းနေကြလို့ပါ။ အခု တနှစ်ကျော်လာတဲ့ ကာလတွေမှာ ပထမ တနေရာ ၁ နှစ်ရှောင်၊ ဒုတိယနေရာ ၅/၆ လ ရှောင်၊ တချို့ဆို အခု တတိယနေရာအထိ ရှောင်လာနေကြရပါတယ်။ ဒါကြောင့် ငွေကြေးတွေလည်း မရှိကြတော့ပါဘူး။ ထိရောက်တဲ့ ကူညီမှုတွေ လိုအပ်နေပါတယ်။”

စစ်တပ်က ရခိုင်မှာ လက်လွှတ်ဆုံးရှုံးသွားတဲ့ မြို့နယ်တွေမှာ စစ်ဘေးရှောင်စခန်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ လူနေအိမ်နဲ့ ဘာသာရေးအဆောက်အအုံတွေကိုပါ မကျန် လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဒါကြောင့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုတွေလည်း ပိုများလာနေပြီး ဒေသခံပြည်သူတွေ အနေနဲ့ လေကြောင်းရန်အန္တရာယ်ကို အမြဲသတိထားပြီး စစ်ရေးသတိရှိစွာ နေထိုင်ကြဖို့ AA ဘက်ကလည်း တိုက်တွန်း ပြောဆိုထားပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013