
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မိုင်းတလုံးကို တက်နင်းမိပြီး အမျိုးသားတယောက် ခြေတဖက် ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၄ နာရီခန့်က ဆောင်းသီးနှံစိုက်ခင်းကို သွားကြည့်ရာလမ်းမှာ စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတလုံးကို တက်နင်းမိရာကနေ အခုလို ပေါက်ကွဲမှု ဖြစ်ပြီး ခြေတဖက် ပြတ်ထွက်သွားတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“သူ့မှာ ဆောင်းသီးနှံစိုက်ပျိုးထားတဲ့ စိုက်ခင်းရှိတယ်။ အဲဒီစိုက်ခင်းသွားတဲ့ လမ်းမှာ ဖြစ်သွားတာပါ။ ညာဘက်ခြေက လုံးဝပြတ်သွားတယ်။ ဘယ်ခြေထောက်တော့ ဒဏ်ရာတွေရတယ်။”
စစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်း နင်းမိပြီး ခြေပြတ်သွားသူကတော့ သံတွဲမြို့နယ်၊ ကျောက္ကလပ်ကျေးရွာမှ ကိုစိုးလွင် (ခ) ကိုကို (၂၇ နှစ်) ဖြစ်တယ်လို့ သိရပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ရရှိခဲ့တဲ့ ပြင်းထန်ဒဏ်ရာတွေကို မြို့နယ်ဆိုင်ရာ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ ကျန်းမာရေးဌာနက ဆေးကုသပေးထားတယ်လို့ မြေပြင်တာဝန်ရှိသူ တယောက်ကလည်း ပြောဆိုပါတယ်။
“မနေ့ညကပဲ သူ့ကို နီးစပ်ရာ ကျန်းမာရေးဌာနက လိုအပ်တဲ့ ဆေးဝါး ကူညီ စောင့်ရှောက်ပေးထားပါတယ်။”
သံတွဲတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်စွဲခဲ့တဲ့ နေရာများ၊ တပ်ဆုတ်သွားတဲ့ လမ်းတလျှောက် တော၊ တောင်များ၊ ကျေးရွာသားများ လုပ်ကိုင်စားသောက်နေတဲ့ ယာခင်း၊ လယ်ခင်းတွေမှာ မြေမြှုပ်မိုင်းတွေကို စစ်ကောင်စီက ထောင်ထားခဲ့ပြီး အခုလို ဒေသခံတွေက မိုင်းအန္တရာယ်နဲ့ အခက်ကြုံနေတာ ဖြစ်ပါတယ်။
အလားတူ မင်းပြားမြို့နယ်၊ ဖားပြို ရခိုင်ကျေးရွာ အရှေ့ဘက်ရှိ ခြုံချောင်းတောင်တန်းမှာ ဖေဖော်ဝါရီ ၁၄ ရက်၊ ညနေ ၄ နာရီကျော်ခန့်က စစ်ကောင်စီတပ် စွန့်ပစ်ထားခဲ့တဲ့ စစ်ကျန် ဗုံးသီးတလုံး ပေါက်ကွဲပြီး မွတ်စလင်အမျိုးသား ၂ ယောက် သေဆုံးခဲ့ပါတယ်။
အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခဒေသအတွင်း မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ်ဆိုင်ရာ ပညာပေးဟောပြောပွဲတွေ ပြုလုပ်တာ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေး ဆိုင်းဘုတ်တွေ စိုက်ထူတာ၊ မိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ လုပ်ဆောင်နေပြီး ULA/AA ဘက်ကလည်း မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံတွေထံက သိရပါတယ်။


