
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ စစ်ကျန်ဗုံးသီးတလုံး ပေါက်ကွဲလို့ မွတ်ဆလင် အမျိုးသား ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မင်းပြားမြို့နယ်၊ ဖားပြိုရခိုင်ကျေးရွာအရှေ့ဘက်က ခြုံချောင်းတောင်တန်းမှာ စစ်ကောင်စီတပ်က စွန့်ပစ်ထားခဲ့တဲ့ ဗုံးသီးတလုံး ဖေဖော်ဝါရီ ၁၄ ရက်၊ ညနေ ၄ နာရီကျော်လောက်မှာ ပေါက်ကွဲတာကြောင့် မွတ်ဆလင်အမျိုးသား ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“သူတို့က ရွာကနေပြီး ဖားပြိုမှာ အလုပ်လုပ်နေကြတာပါ။ မနေ့ညက တောင်မှာ အုတ်ဖုတ်ထင်း ခုတ်သွားရင်း အခုလိုဖြစ်သွားတာပါ” လို့ပြောပါတယ်။
သေဆုံးသွားသူတွေကတော့ မြောက်ဦးမြို့နယ်၊ ဆီသည်(မွတ်ဆလင်) ကျေးရွာက အသက် ၃၅ နှစ်အရွယ် အာဒူလာမိန်နဲ့ မင်းပြားမြို့နယ်၊ တန်းဆိပ်(မွတ်ဆလင်)ကျေးရွာက အသက် ၂၇ နှစ်အရွယ် မာမာတ်ယေနာ တို့ဖြစ်ပါတယ်။
ဒေသခံနောက်တယောက်ကလည်း “အဲဒီ စစ်ကျန်ဗုံးသီး ပေါက်ကွဲတဲ့နေရာမှာပဲ ပွဲချင်းပြီး ဒဏ်ရာကိုယ်စီနဲ့ သေသွားပါတယ်” လို့ ပြောပါတယ်။
သူတို့ဟာ ဖားပြို(ရခိုင်)ကျေးရွာက ဦးမောင်ညွန့်ချေ ရဲ့နေအိမ်မှာ အုတ်ဖုတ်ထင်း အငှားခုတ်နေသူတွေဖြစ်ပြီး ညနေ ၄ နာရီကျော်က ရွာအရှေ့ဘက် ခြုံချောင်းတောင်တန်းချိုင့်ကြားမှာ ထင်းတွေချဖို့သွားတုန်း ဗုံးသီးတလုံးကောက်ရလို့ ဓားနဲ့ခုတ်ကြည့်ရာက ပေါက်ကွဲပြီး သေဆုံးရတာလို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက ခြုံချောင်းတောင်တန်းမှာ စစ်ကောင်စီ အခိုင်အမာစခန်းချတပ်စွဲခဲ့ပြီး စခန်းပတ်ဝန်းကျင်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတာ၊ လက်နက်ခဲယမ်းတွေ နေရာအနှံ့ စွန့်ပစ်ထားခဲ့တာတွေ ရှိခဲ့လို့ ဒေသခံတွေက တွေ့ပြီး ULA/AA ကို အပ်နှံခဲ့တာလည်းရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၈ ရက်ကလည်း မောင်တောမြို့နယ်နဲ့ အမ်းမြို့နယ်တို့မှာ စစ်ကျန်မိုင်း ပေါက်ကွဲတာကြောင့် မွတ်ဆလင် ကလေးတယောက်နဲ့ ရခိုင်အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃ ယောက် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ မိုင်းအန္တရာယ်ဆိုင်ရာ ပညာပေးဟောပြောပွဲတွေလုပ်တာ၊ မိုင်းအန္တရာယ်သတိပေး ဆိုင်းဘုတ်တွေ စိုက်ထူတာ၊ မိုင်းအသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေနေသလို မိုင်းရှင်းလင်းရေးကိုလည်း လုပ်နေတယ်လို့ သိရပါတယ်။


