
တောင်ဆူဒန်အစိုးရဟာ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ အတိုက်အခံအင်အားစုတွေကို ဇန်နဝါရီ ၂၇ ရက်မှာ တိုက်တွန်းလိုက်ပြီး လူအစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုရှိခဲ့တဲ့ ဂျုံးလေပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ၅ နှစ်တာ ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့တဲ့ ၂၀၁၈ ငြိမ်းချမ်းရေးစာချုပ်ကို ခြိမ်းခြောက်နေကြောင်း သတိပေးလိုက်ပါတယ်။
အစိုးရတပ်တွေနဲ့ အတိုက်အခံ ဆူဒန်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (SPLA-IO) ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေအကြား ၂၀၁၇ ခုနှစ်နောက်ပိုင်း မကြုံစဖူးအတိုင်းအတာနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
အီသီယိုးပီးယားနယ်စပ်အနီးက ဂျုံးလေပြည်နယ်မြောက်ပိုင်းမှာ အတိုက်အခံတွေရဲ့ ချီတက်လာမှုကို ခုခံတွန်းလှန်နိုင်ခဲ့ကြောင်း အစိုးရက ဆိုပါတယ်။
သတင်းအချက်အလက်ဝန်ကြီးနဲ့ အစိုးရပြောရေးဆိုခွင့်ရှိသူ အာတယ်နီ ဝခ် အာတက်ခ် က “အခု လုပ်ဆောင်နေတဲ့ လုံခြုံရေးစစ်ဆင်ရေးဟာ သူပုန်တွေရဲ့ ရှေ့တိုးလာမှုကို တားဆီးဖို့၊ အများပြည်သူ ငြိမ်ဝပ်မှုကို ပြန်လည်ထူထောင်ဖို့နဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့အတွက် ဥပဒေနဲ့အညီ လုပ်ဆောင်ရတဲ့ လိုအပ်ချက်တခုဖြစ်ပါတယ်” လို့ ပြောပါတယ်။
တောင်ဆူဒန်စစ်တပ်ဟာ အတိုက်အခံ တပ်ဖွဲ့တွေကို စစ်ဆင်ရေးမပြုလုပ်ခင် ဂျုံးလေပြည်နယ်ရှိ ကောင်တီနယ်မြေ ၃ ခုထဲမှ အရပ်သားတွေ၊ ကုလသမဂ္ဂမစ်ရှင်တွေနဲ့ တခြားလူမှုကူညီရေးအဖွဲ့အစည်းတွေမှ ဝန်ထမ်းတွေအားလုံးကို လုံခြုံရေးအတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းထွက်ခွာကြဖို့ ဇန်နဝါရီ ၂၅ ရက်က အမိန့်ပေးခဲ့ပါတယ်။
အခုတိုက်ပွဲတွေကြောင့် အရပ်သား ထောင်ပေါင်းများစွာ အန္တရာယ်ကြုံတွေ့နိုင်ကြောင်း စိုးရိမ်မှုတွေကို ကုလမစ်ရှင်ဘက်မှ မျှဝေထားကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ဂျုံးလေပြည်နယ်ရှိ အနည်းဆုံး လူပေါင်း ၁ သိန်း ၈ သောင်းလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးပြီလို့ UNMISS က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။


