Home
နိုင်ငံတကာ
ဆူဒန်စစ်ဘေးရှောင်များအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ အရေးပေါ် လိုအပ်နေ
DVB
·
February 18, 2026
Photo :Reuters

ဆူဒန်နိုင်ငံမှာ စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလ ၃ နှစ်နီးပါး ရှိလာခဲ့ပြီဖြစ်ပြီး လက်ရှိမှာ မကြုံစဖူးကြီးမားတဲ့ အိုးအိမ် စွန့်ခွာထွက်ပြေးရမှု ပြဿနာနဲ့ ရင်ဆိုင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကလည်း ရရှိနိုင်သမျှ အရင်းအမြစ်တွေထက် ပိုပြီးများပြားလာကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတီဖှန်ဒူဂျာဟစ်က ဖေဖော်ဝါရီ ၁၇ ရက် သတင်းစာရှင်းလင်းပွဲမှာ သတိပေးပြောကြားလိုက်ပါတယ်။

ဒီပဋိပက္ခမှာ အရပ်သားတွေကို နေ့စဉ်နဲ့အမျှ ဒရုန်းတိုက်ခိုက်မှုတွေရှိနေခဲ့ပြီး အဲဒီ လုံခြုံရေး အခြေအနေကြောင့် သန်းနဲ့ချီတဲ့ အရပ်သားတွေဟာ ဆူဒန်နိုင်ငံတဝန်းနဲ့ အိမ်နီးချင်းနိုင်ငံတွေကို အိုးအိမ်စွန့်ခွာတိမ်းရှောင်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။ 

အိမ်နီးချင်းနိုင်ငံတွေမှ လက်ခံထားပေမဲ့ အရင်းအမြစ်တွေ ပြတ်လပ်နေတာကြောင့် နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုကို အရေးပေါ်လိုအပ်နေတာကြောင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ မိတ်ဖက်အဖွဲ့အစည်း ၁၂၃ ခုတို့ဟာ အိမ်နီးချင်း ၇ နိုင်ငံရှိ စစ်ဘေးရှောင် ၅ ဒသမ ၉ သန်း အတွက် အစားအသောက်၊ ဆေးဝါးနဲ့ ခိုလှုံရာနေရာတွေကို ထောက်ပံ့ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ရရှိနိုင်ဖို့ အရေးပေါ် မေတ္တာရပ်ခံထားပါတယ်။

အဲဒီအစီအစဉ်မှာ အရေးပေါ်ကူညီမှုတွေအပြင် ရေရှည်ဖြေရှင်းချက်တွေကိုပါ ထည့်သွင်းထားပြီး အိမ်ရှင်နိုင်ငံ အစိုးရတွေရဲ့ နိုင်ငံတော်စနစ်တွေအတွင်း ဒုက္ခသည်တွေ ပါဝင်နိုင်ရေး၊ လူမှုဝန်ဆောင်မှုတွေရယူခွင့် တိုးချဲ့ပေးနိုင်ရေးတို့ကို ထောက်ပံ့ဖို့လည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေလို အရပ်သားနေရာတွေကို ပစ်မှတ်မထားဖို့ ၂ ဘက်စလုံးကို တိုက်တွန်းထားကြောင်းလည်း ဒူဂျာဟစ်က ပြောပါတယ်။  

တဖက်မှာလည်း ဆူဒန်စစ်တပ်အကြီးအကဲ အဗ္ဗဒလ်ဖှာတား အလ်-ဘူရ်ဟန်က ကာဒူဂလီမြို့ကို လမ်းကြောင်း ပွင့်သွားခဲ့ခြင်းအပေါ် ချီးကျူးပြောဆိုခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဆူဒန်နိုင်ငံတဝန်းကို ရောက်ရှိမှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

စစ်ဘေးရှောင်တွေရဲ့ အခြေအနေမှာလည်း ပြင်းထန်နေဆဲဖြစ်ပြီး နေအိမ်စွန့်ခွာထွက်ပြေးလာရသူ အမျိုးသမီး ရူကာယာ အယ်လ်ဇာကီက “အစားအသောက်မရှိ၊ ရေမရှိ၊ အဝတ်အစားမရှိ၊ ခြေဗလာနဲ့ ပြေးလာခဲ့ရပါတယ်” လို့ ပြောကြားပါတယ်။

တခြား စစ်ဘေးရှောင်အမျိုးသား မိုဟာမက် ဟူစိန်ကလည်း ကော်ဒိုဖန်ဒေသမှ ထွက်ပြေးလာချိန်မှာ ကိုယ်ပေါ်ဝတ်ထားတဲ့ အဝတ်အစားသာ ပါလာခဲ့ကြောင်း၊ သူ့ရဲ့မွေးမြူရေးတိရစ္ဆာန်တွေ၊ မြေယာတွေနဲ့ စိုက်ပျိုးရေးသီးနှံတွေကို RSF တပ်ဖွဲ့တွေမှ ယူဆောင်သွားခဲ့ကြောင်း ပြောဆိုပါတယ်။

သူတို့ဟာ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ မီးဖွားပြီးစ သူတွေပါ ပါဝင်တဲ့ အုပ်စုနဲ့ အယ်လ်အိုဘိဒ်မြို့ကို ၂ ရက်ကြာ လမ်းလျှောက်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ 

ဆူဒန်စစ်ပွဲကြောင့် ဒေသတလျှောက် လုံခြုံရေးနဲ့ လူသားချင်းစာနာရေး အခြေအနေတွေ ဆိုးရွားလာနေပြီး ကမ္ဘာပေါ်မှာ အကြီးမားဆုံး အိုးအိမ်စွန့်ခွာမှု ပြဿနာကို ဖြစ်ပေါ်နေကာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ ကူညီမှုမှာ လိုအပ်ချက်ထက် အများကြီး လျော့နည်းနေဆဲ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013