
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေဟာ ကူးစက်တတ်တဲ့ အရေပြားယားနာ ရောဂါဖြစ်ပွားနေပြီး ကုသဖို့နဲ့ ဆေးဝါးရရှိဖို့ အကူအညီတွေလိုအပ်နေကြရတယ်လို့ စစ်ရှောင် အကူအညီပေးနေသူတွေက ပြောကြပါတယ်။
ပွင့်ဖြူမြို့နယ်မှာ ပျူစောထီးတွေ စိုးမိုးထားတဲ့ ဆင်လူးကျေးရွာကနေ ထွက်ပြေးလာတဲ့ ပြည်သူတွေနေထိုင်တဲ့ စစ်ဘေးရှောင်စခန်းမှာ အရေပြားယားနာရောဂါ ဖြစ်ပွားနေကြတာ ၃ လဝန်းကျင် ရှိလာပြီလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
လူဦးရေ ၈၀ နီးပါးနေထိုင်တဲ့ အဲ့ဒီစစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြသူ အားလုံးနီးပါး အရေပြား ယားနာရောဂါဖြစ်ပွားနေကြတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး စစ်ဘေးရှောင်တွေမှာ မိတ်ဖုလို အဖုအပိန့်၊ အရည်ကြည်ဖုတွေကနေ တကိုယ်လုံးပွားပြီး အသက်အရွယ်အစုံ တယောက်ကိုတယောက် ထပ်မံ ကူးစက်နေကြတာလို့ ဆိုပါတယ်။
အရေပြားကူးစက်ရောဂါကူးစက်ခံထားရတဲ့ ကလေးတွေဟာ ခြေလက်တွေမှာ အနာအရမ်းကြီး တဲ့အတွက် ထမင်းတောင် သူတို့ကိုယ်တိုင် မစားနိုင်တဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ စစ်ဘေးရှောင် တယောက်က ပြောပါတယ်။
“အတင်းယား အတင်းကုတ်တော့ ဖျားတော့တာပေါ့။ ကလေးတွေမှာ တချို့ဆိုထမင်းတောင် မစားနိုင်ဘူး၊ ထမင်းခွံကျွေးရတယ်။ လက်တွေမှာ အနာတွေဖြစ်လို့ ယောင်ပြီးတော့လေ၊ ဘယ်လိုကုလဲဆို အခုကျဆေးထိုးဆေးစားပေါ့၊ လိမ်းတော့လည်း လိမ်းတုန်းခဏ စားတော့လည်း စားတုန်းခနပဲ။ အခုတော့ ဘာဆေးဆို ဘာဆေးမှကို မရှိတော့တာ။ ဟိုဟာကောင်းတယ်ဆိုလုပ် ဒီဟာကောင်းတယ်ဆိုလုပ်။ ဒီဟာကောင်းတယ်ဆိုလုပ်။ တောတောင်ထဲက သစ်ဥသစ်ဖုလေးတွေခူးပြီး လိမ်းတာပေါ့ အတည်ရယ်လိုတော့ မရှိဘူး။”
စစ်ဘေးရှောင်ပြည်သူတွေဟာ သူတို့နေထိုင်ရာ ကျေးရွာကနေ ထွက်ပြေးတိမ်း ရှောင်လာကြတာ ၁ နှစ်ကျော် ကြာပြီဖြစ်တဲ့အတွက် အလုပ်အကိုင်ရှားပါးလို့ ကြုံရာကျပမ်းလုပ် ကိုင်စားသောက်နေကြရပြီး ဝင်ငွေလည်း မလုံလောက်ဘူးလို့ ဆိုပါတယ်။
အဲ့ဒီရောဂါကို ထိထိရောက်ရောက်ကုသဖို့ဆေးဝါးမရှိဘဲ ဝယ်ယူစရာလည်း ငွေကြေးမရှိတဲ့အတွက် ရောဂါဖြစ်ပွားတာ ၃ လနီးပါးရှိလာပေမယ့် မသက်သာဘဲ ကူးစက်မှုကပိုများလာတယ်လို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။
ပွင့်ဖြူမြို့နယ် လူသားစာနာဌာနအနေနဲ့တော့ စစ်ဘေးရှောင်တွေရဲ့ စားနပ်ရိက္ခာနဲ့ နေထိုင်စရာ အတွက် အနည်းငယ် အကူအညီပေးနေပေမဲ့ ဆေးဝါးပိုင်းကို ကူညီပေးငွေကြေးလိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင် အကူအညီပေးသူတယောက်က “ပွင့်ဖြူစစ်ဘေးရှောင်တွေမှာဖြစ်ပွားနေတဲ့ ဒီအရည်ပြားရောဂါလို့ခေါ်တဲ့ ယားနာရောဂါပေါ့နော်၊ အခြေအနေတွေက ပိုဆိုးလာတယ်၊ အကူအညီတွေလိုအပ်နေတယ်။ ကလေးတွေမှာ မအိပ်ရဘူး၊ ဆေးဝါးပိုင်းကတော့ ကျနော်တို့က MOH နဲ့ ဆက်သွယ်ပြီးကာမှ ကြိုးစားနေကြတဲ့ အပိုင်းတွေရှိတယ်၊ MOH ကလည်း ပြောရရင် အရန် ဘက်ဂျက်တို့ဘာတို့ကလည်းရှိတာမဟုတ်ဘူး၊ အဲ့ဒီအခက်အခဲလေးတွေဖြစ်နေတာ”လို့ ပြောပါတယ်။
ဒီရောဂါဟာ ယားလို့ကုတ်ရာကနေ အနာဖြစ်ကာ အဲ့ဒီအနာက ပိုးဝင်ပြီး တခြားတယောက်စီကို ထပ်မံကူးစက်လာတာဖြစ်ပြီး ထိရောက်တဲ့ ကုသမှုမလုပ်ရင် ကူးစက်မှုက ရပ်သွားမှာမဟုတ်ဘူးလို့ အရည်ပြားဆရာဝန်တွေက ထောက်ပြကြပါတယ်။
ဒီကူးစက်တတ်တဲ့ အရည်ပြားယားနာရောဂါဟာ ပွင့်ဖြူမြို့နယ်တွင်သာမက စစ်ဘေးရှောင်တွေ အများအပြားရှိတဲ့ ပေါက်မြို့နယ်နဲ့ ကရင်နီဒေသမှာလည်း ကူးစက်နေကြတယ်လို့ စစ်ဘေးရှောင်အရေးအကူအညီပေးနေသူတွေက ပြောပါတယ်။
သီရိ


