Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ တလအတွင်း စစ်ဘေးရှောင် ၄၄ ဦး ဖမ်းဆီးခံရ
DVB
·
February 12, 2026
Photo - NN

စစ်ကောင်စီက ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တလအတွင်း စစ်ဘေးရှောင် ၄၄ ယောက်အထိ ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းမှာ စစ်ဘေးရှောင်အမျိုးသား ၃၃ ယောက်၊ အမျိုးသမီး ၁၁ ယောက်ကို စစ်ကောင်စီတပ်နဲ့ရဲတွေက ခေါင်စဥ်အမျိုးမျိုးနဲ့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတယောက်က “ရခိုင်ဘက်ကနေ စစ်ရှောင်လာရင်း အဖမ်းခံရတာများတယ်။ တိုက်ပွဲရှောင်တွေကို အကြမ်းဖက်သမားတွေလို့ စွပ်စွဲဖမ်းတာများတယ်။ အမှန်တော့ အဖမ်းခံရသူတွေက စစ်ဘေးရှောင်တွေပါ” လို့ ပြောပါတယ်။

အဲ့ဒီ စစ်ဘေးရှောင်တွေကို အကြမ်းဖက်ဥပဒေ နဲ့ အမှုဖွင့် အရေးယူထားတာရှိသလို ဘယ်ပုဒ်မနဲ့မှ အရေးမယူသေးဘဲ ဖမ်းဆီးထားတာတွေလည်း ရှိတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တွေဆီက သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က “အဖမ်းခံရသူတွေထဲ အမျိုးသမီးတွပါပါတယ်။ မိသားစုလိုက် ဖမ်းခံရတာလည်းရှိတယ်။ PDF တွေ၊ AA တပ်ဖွဲ့ ဝင်တွေလို့ စွပ်စွဲဖမ်းတာ။ သာပေါင်းဘက်မှာ အဖမ်းခံရတဲ့သူတွေထဲက အမှုဖွင့်ခံရသူတွေလည်းရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တလအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တဲ့ စစ်ဘေးရှောင် ၄၄ ယောက်ဟာ သာပေါင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကြံခင်း၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း၊ ပုသိမ် ၊ရွှေသောင်ယံ စတဲ့ မြို့နယ်တွေကနေ အများဆုံး ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013