
အီရန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် ညှိနှိုင်းရေးတွေကို မတောင်းဆိုဘဲ လိုအပ်သလောက် ခုခံကာကွယ်ဖို့ အသင့်ရှိနေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေးယဒ် အာဘတ်စ် အာရတ်ချီက မတ်လ ၁၅ရက်မှာ ပြောလိုက်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ CBS News သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောလိုက်တာပါ။
အီရန်ဟာ ရန်လိုမှုတွေကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို အာရတ်ချီက ငြင်းဆိုခဲ့ပါတယ်။
ကျနော်တို့က အပစ်အခတ်ရပ်စဲရေးကို ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဘဲ၊ ညှိနှိုင်းချက်တွေကိုတောင် ဘယ်တုန်းကမှ မတောင်းဆိုခဲ့ပါဘူး။ လိုအပ်သလောက် ခုခံကာကွယ်ဖို့ အသင့်ရှိနေပါတယ်လို့ အာရတ်ချီက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အောင်ပွဲမရှိတဲ့ တရားမဝင်စစ်ပွဲတခု ဖြစ်တယ်ဆိုတာ သဘောပေါက်သွားတဲ့ အခြေအနေကို ရောက်တဲ့အထိ အီရန်က သူ့အလုပ်တွေကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
“အမေရိကန်တွေနဲ့ ကျနော်တို့ ဆွေးနွေးသင့်တဲ့ အကြောင်းပြချက်ကို မမြင်ပါဘူး။ သူတို့နဲ့ ဆွေးနွေးနေတုန်း အချိန်မှာ သူတို့က ကျနော်တို့ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒါက ဒုတိယမြောက်ပါ” လို့ အာရတ်ချီက ထပ်ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားနဲ့ပတ်သက်ပြီး ဝန်ကြီးက အီရန်ဟာ ဒီရေလမ်းကြောင်းကို မပိတ်ဘူးလို့ အလေးပေး ပြောကြားခဲ့ပါတယ်။
“ဒါက ကျနော်တို့ စစ်တပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး မတူညီတဲ့ နိုင်ငံတွေက သင်္ဘောတွေပါတဲ့ အုပ်စုတစုကို ဖြတ်သန်းခွင့်ပြုဖို့ သူတို့ ဆုံးဖြတ်ပြီးပါပြီ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
နျူကလီးယားပြဿနာနဲ့ပတ်သက်ပြီး အီရန်အစိုးရဟာ နျူကလီးယားလက်နက်တွေကို ရဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူးလို့ အာရာချီက ထပ်လောင်းပြောခဲ့ပါတယ်။
အီရန်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ တိုက်ခိုက်မှုမတိုင်မီ ဆွေးနွေးပွဲတွေအတွင်း ယူရေနီယမ် ကြွယ်ဝရေး အစီအစဉ်ကို ပျော့ပျောင်းစေဖို့ သဘောတူခဲ့တယ်လို့ ဝန်ကြီးက ထုတ်ပြောခဲ့ပါတယ်။
နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်ခံရပြီးတဲ့နောက် အဲဒီပစ္စည်းတွေဟာ ခုတော့ အပျက်အစီးတွေအောက်မှာ ရှိနေတယ်လို့လည်း သူက ပြောခဲ့ပါတယ်။


