
ကျူးဘားအစိုးရနဲ့ ဆွေးနွေးနေပြီး အီရန်ကိစ္စအပြီးမှာ ကျူးဘားအလှည့် ရောက်လာမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
“ကျူးဘားကလည်း သဘောတူညီချက် ယူချင်နေပါတယ်။ မကြာခင် သဘောတူညီမှုရမယ်လို့ ထင်ပါတယ်။ ဒါမှမဟုတ်လည်း ကျုပ်တို့ လုပ်စရာရှိတာ လုပ်ရမှာပေါ့” လို့ ထရမ့်ပ်က အဲဖို့စ်ဝမ်း လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
“ကျုပ်တို့ ကျူးဘားနဲ့ စကားပြောနေပါတယ်။ ဒါပေမဲ့ ကျူးဘားမတိုင်ခင် အီရန်ကို အရင်ကိုင်ရမှာပါ” လို့လည်း ထရမ့်ပ်က ဆိုပါတယ်။
ကျူးဘားနိုင်ငံမှာ ဆယ်စုနှစ်တွေထဲ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန် အမေရိကန်နဲ့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ ကျူးဘားသမ္မတ မီဂွဲလ် ဒီယက်ဇ်-ကန်နယ်လ်က မတ် ၁၃ ရက်မှာ အတည်ပြုပါတယ်။
ဒီဆွေးနွေးပွဲတွေဟာ နှစ်နိုင်ငံကြားက သဘောထားကွဲလွဲမှုတွေကို တွေ့ဆုံဆွေးနွေးရေးကတဆင့် အဖြေရှာဖို့ ရည်ရွယ်ထားတယ်လို့ ဒီယက်ဇ်-ကန်နယ်လ်က ဆိုပါတယ်။
လက်ရှိမှာ ကျူးဘားနိုင်ငံဟာ လောင်စာဆီပြတ်လပ်မှုကြောင့် နိုင်ငံတဝန်း လျှပ်စစ်မီးတွေ အလှည့်ကျ ပြတ်တောက်နေပြီး ပြည်သူ့ဝန်ဆောင်မှုတွေကိုပါ ကန့်သတ်ထားရပါတယ်။
ထရမ့်ပ်ကတော့ ကျူးဘားကို “အသာတကြည် သိမ်းပိုက်မှု” မျိုး လုပ်နိုင်သလို အသာတကြည် မဟုတ်ဘဲလည်း သိမ်းပိုက်နိုင်တယ်လို့ မတ် ၉ ရက်က ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။
အမေရိကန်ဘက်က ပိတ်ဆို့မှုတွေ လျှော့ချပေးဖို့ ဆိုတာက ကျူးဘားဘက်က စီးပွားရေးနဲ့ နိုင်ငံရေးအရ အလျှော့ပေးမှုအပေါ်မှာ မှီတည်နေပါတယ်။
Source: Reuters


