
ဟော်မုဇ်ရေလက်ကြား လုံခြုံရေးကို မကူညီတဲ့ မဟာမိတ်နိုင်ငံတွေအား မှတ်ထားမှာဖြစ်ပြီး NATO အဖွဲ့ရဲ့ အနာဂတ်အတွက် အင်မတန်ဆိုးရွားသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၅ ရက်မှာ သတိပေးလိုက်ပါတယ်။
ရေလက်ကြားပြန်ပွင့်ဖို့ တရုတ်က မကူညီရင် တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမဲ့ ထိပ်သီးဆွေးနွေးပွဲကို ရွှေ့ဆိုင်းနိုင်တယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။
ဒါ့အပြင် လုံခြုံရေးကူညီပေးဖို့ တရုတ်၊ ပြင်သစ်၊ ဂျပန်နဲ့ ဗြိတိန် အပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံလောက်နဲ့ စကားပြောနေတယ်လို့ ဆိုပါတယ်။
“ဒီနိုင်ငံတွေလာပြီး သူတို့ကိုယ်ပိုင်နယ်မြေကို သူတို့ကာကွယ်ကြလေ၊ သူတို့စွမ်းအင်က ဒီကနေ ရနေတာလေ” လို့ ထရမ့်ပ်က မှတ်ချက်ပေးခဲ့ပါတယ်။
တချိန်တည်းမှာပဲ အီရန်မြို့တော် တီဟီရန်နဲ့ အဓိကရေနံတင်ပို့ရာ ခါ့ဂ် (Kharg) ကျွန်းတို့ကို အမေရိကန်နဲ့ အစ္စရေးတို့က အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်နေပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘားစ် အရက်ဂ်ချီကတော့ သူတို့ဘက်က အပစ်ရပ်ဖို့ မတောင်းဆိုထားသလို “ဆွေးနွေးနေတုန်းမှာ သူတို့က ကျုပ်တို့ကို တိုက်ဖို့ ဆုံးဖြတ်ခဲ့တာမို့ အမေရိကန်တွေနဲ့ စကားပြောစရာ အကြောင်းမရှိဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။
အီရန်နဲ့ ဟစ်ဇ်ဘိုလာတို့ကလည်း အစ္စရေးကို ဒုံးကျည်တွေနဲ့ ဆက်လက်တိုက်ခိုက်နေပြီး ဆော်ဒီအာရေဗျ အပါအဝင် ပင်လယ်ကွေ့နိုင်ငံတွေမှာလည်း ဒရုန်းတွေကို ပစ်ချခဲ့ပါတယ်။
ဒရုန်းမတော်တဆမှုကြောင့် ကမ္ဘာ့အစည်ကားဆုံး ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်း လေယာဉ်ပျံသန်းမှုတွေ ယာယီရပ်ဆိုင်းခဲ့ရပါတယ်။
အစ္စရေးက လက်ဘနွန်တောင်ပိုင်းကိုပါ ထပ်မံတိုက်ခိုက်နေတာကြောင့် လက်ဘနွန်မှာ ကလေးငယ် ၁၀၀ ကျော် အပါအဝင် သေဆုံးသူ ၈၅၀ အထိ မြင့်တက်လာနေပါတယ်။


