
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၂ ဖွဲ့အကြားက ပြဿနာတွေကို အမြန်ဆုံး ညှိနှိုင်းအဖြေရှာကြဖို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က တိုက်တွန်းလိုက်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ် (MNDAA) တို့နဲ့ပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့တဲ့ PLA က ညီနောင်မဟာမိတ်နှစ်ဖွဲ့ကြား ဖြစ်နေတဲ့ ပြဿနာတွေမှာ လက်နက်နဲ့ဖြေရှင်းတာမလုပ်ဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။
PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဝေယံဖြိုးမိုးက “ကျနော်တို့ PLA အနေနဲ့ MNDAA အနေနဲ့ကော၊ TNLA အနေနဲ့ကော လက်တွဲပြီးတော့ ဒီတိုက်ပွဲဖော်ဆောင်ခဲ့ပါတယ်။ အခုလက်ရှိဖြစ်နေတဲ့ ပြဿနာတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့လည်း ပြည်သူလူထုကော စိတ်ထိခိုက်ရတဲ့ဖြစ်စဉ် ဖြစ်တယ်။ ပြီးတော့ ဒေသခံပြည်သူတွေက ပိုပြီးတော့ ထိခိုက်ခံစားရတာပေါ့နော်။ တော်လှန်ရေးအင်အားစု အချင်းချင်းကြားမှာ လက်နက်နဲ့ ဖြေရှင်းတာမျိုး မဖြစ်သင့်ဘူး အမြန်ဆုံး ညှိနှိုင်းအဖြေရှာနိုင်ဖို့ မျှော်လင့်တယ်။ တိုက်လည်း တိုက်တွန်းပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီဟာ လက်ရှိမှာ ပြည်သူလူထုကို ဖိနှိပ်နေဆဲကာလဖြစ်လို့ တော်လှန်ရေးအင်အားစု အချင်းချင်းကြားမှာ ဖြစ်နေတဲ့ ပြဿနာတွေကို ညှိနှိုင်းဖြေရှင်းကြဖို့နဲ့ ဘုံရန်သူ စစ်ကောင်စီကိုသာ စုစုစည်းစည်းနဲ့ တိုက်ခိုက်ကြဖို့ မေတ္တရပ်ခံတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး ရဲဘော်ဝေယံဖြိုးမိုးက “နှစ်ဖက်ကြား ကြားဝင်ညှိနှိုင်းပေးဖို့ ဆိုတာက လက်ရှိအခြေအနေမှာက အလှမ်းဝေးပါတယ်။ ကျနော်တို့မှ မဟုတ်ဘူး။ တခြားတော်လှန်ရေးအင်အားစုတွေလည်းပဲပေါ့နော်။ အဓိကတော့ တိုက်တွန်းတာတွေ မေတ္တာရပ်ခံတာတွေ အကြိမ်ကြိမ်အထပ်ထပ် လုပ်မှာပါ” လို့ ပြောပါတယ်။
MNDAA ဘက်ကတော့ ကွတ်ခိုင်မြို့ကို မတ် ၁၅ ရက် ညနေပိုင်းမှာ အလုံးစုံ ထိန်းချုပ်လိုက်ပြီဖြစ်ပြီး နမ့်ခမ်းနဲ့ ၁၂ မိုင်အကွာက TNLA တပ်စခန်းရှိရာ တောင်အထိ ထိန်းချုပ်ဖို့ ရည်ရွယ်ထားတယ်လို့ DVB ကို ပြောပါတယ်။
ကွတ်ခိုင်နဲ့ သိန္နီမြို့တွေမှာ အငြင်းပွားမှုတွေကနေ နှစ်ဖက်အကြား စစ်ရေးပဋိပက္ခတွေ ဖြစ်လာပြီး ကွတ်ခိုင်ကနေ နမ့်ဖက်ကာတကြောက TNLA တပ်စခန်းတွေနဲ့ မူဆယ် ၁၀၅ မိုင်အပါအဝင် ကွတ်ခိုင်တမြို့လုံးကို MNDAA က ထိန်းချုပ်လိုက်တာပါ။
MNDAA ဟာ ဖယ်ရှားခံရတဲ့ ကွတ်ခိုင်မြို့က အုပ်ချုပ်ရေးရုံးတွေကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုတာမှာ TNLA ဘက်က လိုက်လျောပေးတာ မရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကွတ်ခိုင်မြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
MNDAA ဘက်ကတော့ မတ် ၁၄ ရက်ကစလို့ ကွတ်ခိုင်၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ နမ့်ဖတ်ကာ၊ မုံစီး စတဲ့နေရာတွေကိုအပြင် ချင်းရွှေဟော်မှာရှိတဲ့ TNLA တပ်သားတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။


