Home
မြန်မာသတင်း
TNLA ထိန်းချုပ် ကွတ်ခိုင်မြို့ကို MNDAA က  ထိုးစစ်ဆင်
DVB
·
March 14, 2026
MNDAA တည်ထောင်ခြင်း ၃၇ နှစ်ပြည့် အခမ်းအနား (Photo : The Kokang)

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ကို မတ် ၁၄ ရက်မှာ ကိုးကန့်တပ် MNDAA က ဒရုန်းနဲ့ လက်နက်ကြီး တွေနဲ့ တိုက်ခိုက်နေပြီး မြေပြင်ကနေလည်း အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ကွတ်ခိုင်မြို့မှာ  MNDAA ဘက်က CCTV ကင်မရာတွေ တပ်ဆင်ရာကနေ ညီနောင် မဟာမိတ် အဖွဲ့ဝင်အချင်းချင်းဖြစ်တဲ့ TNLA နဲ့ MNDAA အောက်ခြေတပ်သားတွေ အချင်းချင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစပြီး စစ်ရေးတင်းမာမှုတွေဖြစ်ခဲ့တာပါ။ 

နောက်ဆက်တွဲအနေနဲ့ ကိုးကန့် တပ်ဖွဲ့ဝင်တချို့က မြေပြင်မှာရှိနေတဲ့ လူထုကို ရိုက်နှက်တာတွေ အထိ ရှိခဲ့ပါတယ်။ နှစ်ဖက်တွေ့ဆုံဆွေးနိုင်ဖို့ ကြိုးစားပေမဲ့ MNDAA ဘက်က လက်မခံခဲ့ဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

မတ် ၁၄ ရက်မှာတော့ MNDAA ဘက်က ကွတ်ခိုင်ကို စတင်ထိုးစစ်ဆင်ခဲ့တယ်လို့ မြေပြင် သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

ကွတ်ခိုင်မြို့အဝင် မန်ပြိန်းနားက TNLA တပ်စခန်းကို စတင်တိုက်ခိုက်ခဲ့သလို မြို့တွင်းမှာရှိနေတဲ့ TNLA တပ်စခန်းတွေကိုလည်း တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ 

မြေပြင်သတင်းရင်းမြစ်တယောက်က “မန်ပြိန်းဘက်က TNLA စခန်းကို သူတို့ဘက်က ဒရုန်းနဲ့ စပြီးတိုက်တယ်။ မြို့ထဲက စခန်းတွေကိုလည်း တိုက်တယ်။ ခုတော့ သူတို့ဘက်က အင်အား အများအပြားနဲ့ မြို့ထဲကို ဦးတည်ဝင်လာနေပြီ” လို့ ဆိုပါတယ်။

ကွတ်ခိုင်ကို MNDAA က မတ်လ ၁၄ ရက်မှာ ဝင်ရောက်တိုက်ခိုက်တာဟာ TNLA က စပြီး တိုက်ခိုက်လို့ ပြန်တိုက်တာလို့ MNDAA က ထုတ်ပြန်ပါတယ်။ 

ဒီနေ့မနက် ၉ နာရီ ခွဲလောက်မှာ MNDAA လှည့်ကင်းကို TNLA က စပြီး တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒါအပြင် ကိုးကန့်ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကိုလည်း TNLA က လုယူဖို့ ကြိုးပမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်တွေပတ်သက်ပြီး DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ ဒေသခံတွေနဲ့ တအာင်းဒေသတွင်း မီဒီယာတွေကတော့ တိုက်ပွဲကို MNDAA က စတိုက်တာလို့ ပြောနေ ကြပါတယ်။ 

ဒီမနက် ၁၀ နာရီကျော်လောက်ကစပြီး ကွတ်ခိုင်မြို့မှာ လက်နက်ကြီးသံတွေ စကြားရသလို နေ့လယ် ၁၂ နာရီမှာ ကိုးကန့်တပ်က ဒရုန်းတွေနဲ့ စပြီး တိုက်ခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါအပြင် နေ့လယ် ၁ နာရီမှာတော့ ကွတ်ခိုင်မြို့ထဲကို MNDAA တပ်တွေဝင်လာသလို သေနတ်သံ တွေလည်း ကြားနေရတယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး TNLA ဘက်တော့ တစ်စုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ 

တဖက်မှာလည်း တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက နေပြည်တော်ကို ရောက်ရှိနေတာ ကြောင့် တရုတ်ခရီးစဉ်နဲ့ MNDAA ရဲ့ ထိုးစစ်ဆင်မှု တပြိုင်တည်း ရှိလာတဲ့အပေါ် မေးခွန်းတွေ လည်း ရှိလာနေတာပါ။ 

တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်ခရီးစဉ်နဲ့ MNDAA ထိုးစစ် က တိုက်ဆိုင်မှုတခုပဲဖြစ်ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ စောင့်ကြည့်ရမယ်လို့ ပြော ပါတယ်။

မြေပြင်အခြေအနေနဲ့ ပတ်သက်လို့ နှစ်ဖက်တာဝန်ရှိသူတွေကို DVB က ဆက်သွယ် မေးမြန်း နေပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကွတ်ခိုင်မှာရှိတဲ့ MNDAA ရဲ့ ခရိုင်အုပ်ချုပ်ရေးဌာန အဆင့်ဆင့်ကို TNLA က တိုက်ခိုက်ခဲ့ပြီးနောက် သိန္နီခရိုင်ထဲကို စစ်အင်အားတွေပို့ပြီး ထိန်းချုပ်နယ်မြေကို လုဖို့ ကြိုးစားလာတယ်လို့ MNDAA က ဒီနေ့ ထုတ်ပြန်လာပါတယ်။

မတ် ၁၄ ရက်မှာလည်း ပုံမှန်ကင်းလှည့်နေတဲ့ MNDAA တပ်ဖွဲ့ကို TNLA က တိုက်ခိုက်ခဲ့ပြီး မတတ်သာလို့ တန်ပြန်ခုခံတိုက်ခိုက်ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ကုန်သွယ်ရေးအချက်အချာကျတဲ့ ကွတ်ခိုင်မြို့ကို TNLA က ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ သိမ်းယူခဲ့တာဖြစ်ပြီး အဲဒီမြို့တဝိုက်မှာ MNDAA နဲ့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA) တပ်စခန်းတွေလည်းရှိပါတယ်။ 

အဲဒီနောက် ကွတ်ခိုင်တဝိုက်မှာ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် အချင်းချင်းကြား နယ်မြေ အငြင်းပွားမှုတွေ ဖြစ်နေခဲ့ပါတယ်။

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013