Home
မြန်မာသတင်း
မဟာမိတ်ကြားက ပဋိပက္ခ မဖြေရှင်းနိုင်သေးဟု TNLA ပြော
DVB
·
March 1, 2026

၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းမှာ မဟာမိတ်ဖြစ်တဲ့ ကိုးကန့် တပ် (MNDAA) နဲ့ ဖြစ်နေတဲ့ ပဋိပက္ခကို နှစ်ဖက်လူကြီးတွေ တွေ့ဆုံဖြေရှင်းနိုင်တာ မရှိသေးဘူးလို့ TNLA က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကွတ်ခိုင်မြို့ပေါ်မှာ MNDAA တပ်တွေက CCTV လိုက်တပ်ဆင်တာကနေ နှစ်ဖက်တပ်တွေကြား အပြန်အလှန်ရိုက်နှက်တာနဲ့ လက်နက်တွေ ဖြုတ်သိမ်းဖမ်းဆီးတာတွေ ဖြစ်ခဲ့ပြီးနောက် ကုန်စည်ပို့ဆောင်ရေး ဖြတ်တောက်ကြတဲ့အထိ အခြေအနေတွေ တင်းမာခဲ့တာပါ။

နှစ်ဖက်တပ်တွေကြား ပဋိပက္ခပိုမကြီးထွားလာဖို့ မြေပြင်တပ်တွေကို ညွှန်ကြားထားပေမဲ့ ခေါင်းဆောင်းပိုင်းမှာ တွေ့ဆုံဖြေရှင်းနိုင်တာ မရှိသေးဘူးလို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက DVB ကို ပြောပါတယ်။

“ကွတ်ခိုင်မှာ ဖြစ်ပွားနေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ကျမတို့ TNLA နဲ့ မဟာမိတ် MNDAA ဘက်က လူကြီးတွေ့ဆုံနိုင်ဖို့ ကြိုးပမ်းနေတာမျိုးတွေရှိတယ်။ နောက်တခုက ကျမတို့ဘက်က အခြေအနေတွေ မတင်းမာသွားအောင် ကျမတို့ တပ်သားတွေကိုလည်း စနစ်တကျကိုင်တွယ်ဖို့နဲ့ လိုအပ်တဲ့ ပူပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်ဖို့ ညွှန်ကြားထာတာမျိုးတွေ ရှိပါတယ်။”

ကွတ်ခိုင်မြို့ပေါ်မှာ CCTV တပ်ဆင်တာနဲ့ပတ်သက်လို့ မြို့ကို စစ်ကောင်စီလက်ထဲကနေ သိမ်းယူထားတဲ့ TNLA ကို လာရောက်ဆွေးနွေး အသိပေးတာမရှိတာကြောင့် နှစ်ဖက် အချေအတင်ဖြစ်ခဲ့ပြီး  လူထုထိခိုက်နစ်နာမှုမရှိအောင် အမြန်ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ လွေးယေဦးက ပြောပါတယ်။

ကွတ်ခိုင်မြို့ကို TNLA က ထိန်းချုပ်ထားပေမဲ့ မြေပြင်မှာ MNDAA ကို မဟာမိတ်ဆက်ဆံရေးအရ နားလည်မှုနဲ့ သွားလာလှုပ်ရှားခွင့်ပြုထားတယ်လို့လည်း ပြောပါတယ်။

နှစ်ဖက် အခြေအနေ တင်းမာခဲ့ပြီးနောက် MNDAA တပ်က သိန္နီမြို့ကနေ ကွတ်ခိုင်နဲ့ နမ္မတူဘက်ကို ကုန်စည်အပါအဝင် စက်သုံးဆီပါ ဖြတ်တောက်ထားတာကြောင့် ဒေသတွင်းမှာ ကုန်ဈေးနှုန်းမြင့်နေသလို ကုန်တင်ယာဉ်တွေလည်း လမ်းမှာပိတ်မိနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရှမ်းမြောက်မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ TNLA နဲ့ MNDAA တို့က ၁၀၂၇ စစ်ဆင်ရေးကို ၂ ကြိမ်တိုင် ဖော်ဆောင်ခဲ့ပြီး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပါ သိမ်းပိုက်ခဲ့သလို နှစ်ဖွဲ့ပေါင်း မြို့ပေါင်း ၂၁ မြို့ကို သိမ်းယူနိုင်ခဲ့တာပါ။ 

ဒါပေမဲ့ တရုတ်ရဲ့ဖိအားနဲ့ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်တွေကြောင့် မြို့ ၇ မြို့ကို ပြန်လက်လွှတ်ခဲ့ရပြီး စစ်ကောင်စီနဲ့ပါ အပစ်ရပ်လိုက်ရပါတယ်။

လက်ရှိမှာ TNLA က နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းငေါ့၊ မိုင်းလုံ စတဲ့မြို့ ၇ မြို့ကို ထိန်းချုပ်ထားပြီး MNDAA ကလည်း လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ သိန္နီ၊ တာမိုးညဲ၊ ကုန်းကြမ်း၊ မုန်းကိုး၊ ပန်ဆိုင်း စတဲ့မြို့ ၈ မြို့ကို ထိန်းချုပ်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013