
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ဘော်တွင်းနဲ့ ကျားစခန်းသတ္တုတွင်းနယ်မြေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေကို TNLA တအာင်းတပ်ရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ဒီနှစ် ဇန်နဝါရီ ၂၂ ရက်ကစပြီး အိမ်ထောင်စုစာရင်းနဲ့ စမတ်ကတ်တွေကို ငွေကြေးကောက်ခံပြီး ပြုလုပ်ပေးနေတာပါ။
အဲဒီလို ပြုလုပ်ပေးနေတဲ့နေရာမှာ အိမ်ထောင်စုစာရင်းတခုကို ၁၂,၀၀၀ ကျပ်၊ အသက် ၁၆ နှစ်အထက်ရှိတဲ့ မိသားစုဝင်တွေကို လူဦးရေအလိုက် စမတ်ကတ်တခုကို ၁၂,၀၀၀ ကျပ်အပြင် စာရွက်စာတမ်းကြေးအနေနဲ့လည်း တအိမ်ထောင်ကို ၂,၀၀၀ ကျပ် ကောက်ခံပြီး ပြုလုပ်နေတာကြောင့် မိသားစုဝင်တွေများတဲ့ အငြိမ်းစားသတ္တုတွင်းဝန်ထမ်းဟောင်းတွေ၊ ပုံမှန်ဝင်ငွေ မရှိကြတဲ့ လက်လုပ်လက်စား ဆင်းရဲသားမိသားစုတွေမှာ အခက်အခဲ ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတ္တုတွင်းလုပ်သားဟောင်းတယောက်က “ကျနော်တို့ ဘော်တွင်းနဲ့ ကျားစခန်းက သတ္တုတွင်းနယ်မြေ ဆိုတော့ လခစားဝန်ထမ်းနဲ့ ပင်စင်စားတွေပဲ များတယ်။ အဲဒါကို တအာင်းအဖွဲ့က အိမ်ထောင်စုနဲ့ မှတ်ပုံတင် စမတ်ကတ်တွေကို ငွေသောင်းချီပြီး တောင်းပြီး လုပ်ခိုင်းနေတယ်။ သူတို့က လုပ်လည်းရတယ်၊ မလုပ်လည်းရတယ်။ မလုပ်လို့ ပြဿနာတခုခု ဖြစ်ရင်တော့ တာဝန်မယူဘူးတဲ့။ အဲလိုလည်းပြောတော့ ကျနော်တို့မှာ အပိုဝင်ငွေမရှိပါဘူးဆိုမှ သူတို့ကိုကြောက်လို့ မရှိ ရှိတာ ရှာကြံပြီး လုပ်နေရတယ်။ ကျနော့်အိမ်ဆို ၁၆ အထက် ၅ ယောက်ရှိတယ်။ အားလုံးပေါင်းရင် ၇ သောင်းခွဲလောက် ကုန်ကျနေပြီ” လို့ ပြောပါတယ်။
ဘော်တွင်းနဲ့ ကျားစခန်း သတ္တုတွင်းနယ်မြေမှာ အိမ်ထောင်စုပေါင်း ၈၀၀ ဝန်းကျင်ရှိပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းဟာ မြင့်မားနေပါတယ်။
ဒါ့အပြင် ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်က အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသတွင်း အလုပ်အကိုင် ရှားပါးနေလို့ TNLA တအာင်းတပ်ရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ငွေကြေးကောက်ခံပြီး လုပ်ပေးနေတဲ့ အိမ်ထောင်စုစာရင်းနဲ့ စမတ်ကတ်တွေကို လုပ်နိုင်ဖို့ ခက်ခဲနေကြတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒေသခံအမျိုးသားတယောက်က “ ကျနော်တို့ဒေသမှာ အရင်က ၅၀,၀၀၀ ကျော်ပဲရှိတဲ့ ဆန်တအိတ်က အခုဆို ၁၀၀,၀၀၀ ကျော်နေပြီ။ သားသမီးတွေက တရုတ်ပြည်တို့ ထိုင်းတို့ဘက်ကို သွားအလုပ်လုပ်ပြီး အိမ်ကို ပြန်ထောက်နိုင်တဲ့သူပဲ နည်းနည်း အသက်ရှူချောင်တယ်။ ကုန်ဈေးနှုန်းကကြီး အလုပ်တွေက ရှားနေတဲ့ကြားထဲက တအာင်းအဖွဲ့က အိမ်ထောင်စုနဲ့ စမတ်ကတ်တွေကို ငွေတောင်းပြီး လုပ်ခိုင်းနေတော့ ကျနော်တို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်” လို့ ဆိုကြပါတယ်။
၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ နမ္မတူမြို့ကို TNLA တအာင်းတပ်နဲ့ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်နေတာပါ။
နမ္မတူမြို့ကို TNLA တအာင်းတပ်က မသိမ်းပိုက်ခင်ကတည်းကနေ လက်ရှိအချိန်ထိ အဲဒီမြို့နယ်အတွင်းမှာ TNLA တအာင်းတပ်အပြင် SSPP/SSA ရှမ်းပြည်တပ်၊ KIA ကချင်တပ်နဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ အခြေချ လှုပ်ရှားနေပါတယ်။


