
ကျည်၊ ဘတ်ဂျက်နဲ့ လူအင်အား နည်းပါးမှုတွေကြောင့် မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို လက်လွှတ်ခဲ့ရတာဖြစ်ပြီး ပေးဆပ်နစ်နာသူတွေကို တောင်းပန်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောပါတယ်။
ဒီဇင်ဘာ ၂ ရက်မှာ သူ့ရဲ့ တရားဝင် လူမှုကွန်ရက်ကနေတဆင့် ပြောထားတာဖြစ်ပြီး “ပထမဆုံး တကယ် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ချင်ပါတယ်။ ရင်ထဲ လှိုက်လှိုက်လှဲလှဲ နာကျင်ရတာမို့ အနူးအညွတ် တောင်းပန်ပါတယ်” လို့ ရေးသားထားတာပါ။
ဒ့ါအတူ ၃-၄ နှစ်တာကာလအတွင်း ရဲဘော်အင်အား ထောင်ချီ ပေးဆပ်အရင်းပြုခဲ့ကြောင်းနဲ့ လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ခဲ့တယ်လို့လည်း ထည့်သွင်းရေးသားခဲ့ပါတယ်။
တအာင်းနိုင်ငံရေးရဲ့ ပန်းတိုင်တခုဟာ မိုးကုတ်မြို့ကို တအာင်းပြည်နယ်ထဲ ပြန်ပါအောင် ကြိုးပမ်းရေး ဖြစ်တယ်လို့ ပြောပြီး TNLA ကို သစ္စာဖောက်လို့ ပြောသူတွေကို “တော်လှန်ရေးနှလုံး သေချာပြန်သုံးသပ်ပြီး အရှိတရားတွေကို လက်ကိုင်ထားစေချင်ပါတယ်” လို့ သူက တုံ့ပြန်ပါတယ်။
ဒါ့အပြင် ကံမကုန်သေးရင် ကြိုးစားသူအတွက် ရလဒ်ရှိစမြဲလို့ ယုံကြည်ကြောင်းနဲ့ TNLA မှ ပျိုးထောင်ပေးခဲ့သူတွေက မိုးကုတ်ကို ပြန်သိမ်းတာကိုလည်း မြင်ချင်တယ်လို့ ဆိုပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မဟာမိတ်တွေက မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လထဲမှာ သိမ်းယူခဲ့တာဖြစ်ပြီး တနှစ်ကျော်အကြာမှာတော့ တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ ပြန်လည် လက်လွှတ်ရမယ့် အခြေအနေ ဖြစ်လာခဲ့တာပါ။
လက်ရှိအချိန်မှာတော့ မိုးကုတ်နဲ့ မိုးမိတ်ကို TNLA ဆီကနေ လက်လွှဲယူထားတဲ့ စစ်ကောင်စီက နိုဝင်ဘာ ၂၈ ရက် ညမှာ မိုးကုတ်မြို့ထဲကို ကားအစီးရေ ၁၀၀ ကျော်နဲ့ ဝင်ရောက်လာပြီး ဒါကို လက်မခံတဲ့ တော်လှန်ရေးအဖွဲ့တချို့နဲ့ ထိတွေ့တိုက်ပွဲတချို့ ဆက်ရှိနေပါတယ်။


