
ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် (MNDAA)က မတ် ၁၅ ရက် မနေ့ ညနေပိုင်းမှာ အလုံးစုံသိမ်းလိုက်ပြီလို့ MNDAA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ဗျူဟာကုန်းကို MNDAA က မနေ့ ညနေ ၃ နာရီကျော်မှာရရှိပြီးနောက် ညပိုင်းမှာတော့ ကွတ်ခိုင်တမြို့လုံးကို ထိန်းချုပ်လိုက်တာလို့ ဆိုပါတယ်။
MNDAA စစ်ရေးသတင်းအရင်းအမြစ်က “ကွတ်ခိုင်ကတော့ အားလုံးပြီးသွားပြီ။ နမ့်ခမ်းကိုတော့ ဆက်မတိုက်ဘူး။ ဒါပေမဲ့ နမ့်ခမ်းနဲ့ ၁၂ မိုင်အကွာက တောင်အထိတော့ ထပ်သိမ်းလောက်မယ်။ TNLA တပ်သားတွေ ဖမ်းမိတာတွေကိုလည်း ပြောလို့မရသေးဘူး။ ကွတ်ခိုင်ကို MNDAA ကပဲ အုပ်ချုပ်မလားဆိုတာတော့ လူကြီးတွေပဲ ဆုံးဖြတ်မှာပါ။ ဆက်ညှိနှိုင်းကြမလားဆိုတာ မသိရသေးလို့ပါ”လို့ DVB ကိုပြောပါတယ်။
ကွတ်ခိုင်နဲ့ သိန္နီမြို့တွေမှာ အငြင်းပွားမှုတွေကနေ နှစ်ဘက်အကြားစစ်ရေးပဋိပက္ခတွေဖြစ်လာပြီး ကွတ်ခိုင်ကနေ နမ့်ဖတ်ကာတကြောက TNLA တပ်စခန်းတွေနဲ့ မူဆယ် ၁၀၅ မိုင်အထိကို MNDAA က သိမ်းလိုက်ပြီးနောက် ကွတ်ခိုင်တမြို့လုံးကိုလည်း MNDAA က ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။
MNDAA ဟာ ကွတ်ခိုင်ကနေ မူဆယ်ဘက်အထွက်မှာ TNLA တပ်တွေနဲ့ မနေ့ညနေပိုင်းအထိ တိုက်ပွဲဆက်ဖြစ် နေသေးပြီး TNLA ရဲ့တပ်စခန်းတွေကို ဒရုန်းအများအပြားအသုံပြု တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် (MNDAA) က ထိန်းချုပ်လိုက်ပြီးနောက်မှာလည်း နမ့်ခမ်းဘက်ကိုလာတဲ့ ၁၂ မိုင်က TNLA ရဲ့ တပ်စခန်းကို ဒရုန်းတွေနဲ့ လာရောက်တိုက်ခိုက်နေတယ်လို့ TNLA စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။
TNLA တပ်တွေဟာ ပစ်မိန့်မရတာကြောင့် နမ့်ဖတ်ကာ၊ ကွတ်ခိုင်မြို့တွေကနေ ဆုတ်ခွာပေးလိုက်ရပြီးနောက် နမ့်ခမ်းနဲ့ ၁၂ မိုင်အကွာက TNLA တပ်စခန်းကို ဒီနေ့ မတ် ၁၆ ရက် မနက်ပိုင်းကစလို့ ဒရုန်းတွေ အများအပြားနဲ့ လာရောက်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
TNLA စစ်ရေးသတင်းအရင်းအမြစ်က “ကျနော်တို့တပ်တွေရှိတဲ့ နမ့်ဖတ်ကာကနေတောင် ပစ်မိန့်မရဘဲ ဆုတ်ပေးလိုက်ရတယ်။ ကွတ်ခိုင်ဘက်ကတော့ အဆက်အသွယ်ပြတ်သွားပြီ။ ဒီနေ့မနက်ပိုင်းမှာ နမ့်ခမ်းနဲ့ ကွတ်ခိုင်အစပ်က ၁၂ မိုင်ကို ဒရုန်းတွေနဲ့ ဗုံးလာကြဲနေတယ်။ သူတို့ထိုးစစ်က နမ့်ခမ်းကို ဦးတည်လာနေတာ။ ဘယ်အထိ ဆုတ်ရမယ်ဆိုတာ အထက်လူကြီးတွေက မပြောသေးဘူး” လို့ DVB ကို ပြောပါတယ်။
နမ့်ဖက်ကာမှာ TNLA ဘက်က မြို့ပြင်မှာ တပ်စခန်းတွေ ပတ်လည်ချထားခဲ့သလို စခန်းတချို့ကိုလည်း ခံစစ်ကောင်းပုံစံ ဖော်ဆောင်ထားခဲ့ပေမဲ့လည်း ပစ်မိန့်မရခဲ့တာကြောင့် ဆုတ်ခွာပေးလိုက်ရတာလို့ ဆိုပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “ဒရုန်းနဲ့ တမနက်လုံး လာကြဲနေတာ။ စခန်းထဲအထိကျတယ်။ ၁၂ မိုင်ဆိုတာ ကွတ်ခိုင်အဆုံး နမ့်ခမ်းအစ အစပ်ပဲ။ နမ့်ခမ်းနဲ့ဆို ၁၂ မိုင်လောက်ပဲ ဝေးတော့တယ်။ အခုထိလည်း ပစ်မိန့်မပေးသေးဘူး” လို့ ဆက်ပြောပါတယ်။
MNDAA စစ်ရေးသတင်းအရင်းအမြစ်ကတော့ ကွတ်ခိုင်မြို့ကို မတ် ၁၅ ရက် ညနေပိုင်းမှာ အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်ပြီး နမ့်ခမ်းနဲ့ ၁၂ မိုင်အကွာက TNLA တပ်စခန်းရှိရာ တောင်အထိ ထိန်းချုပ်ဖို့ ရည်ရွယ်ထားတယ်လို့ DVB ကို ပြောပါတယ်။
ကွတ်ခိုင်နဲ့ သိန္နီမြို့တွေမှာ အငြင်းပွားမှုတွေကနေ နှစ်ဖက်အကြား စစ်ရေးပဋိပက္ခတွေ ဖြစ်လာပြီး ကွတ်ခိုင်ကနေ နမ့်ဖက်ကာတကြောက TNLA တပ်စခန်းတွေနဲ့ မူဆယ် ၁၀၅ မိုင်အထိကို MNDAA က ထိန်းချုပ်ပြီးနောက် ကွတ်ခိုင်တမြို့လုံးကို MNDAA က ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။
MNDAA ဟာ ဖယ်ရှားခံရတဲ့ ကွတ်ခိုင်မြို့က အုပ်ချုပ်ရေးရုံးတွေကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုတာမှာ TNLA ဘက်က လိုက်လျောပေးတာမရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကွတ်ခိုင်မြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
MNDAA ကတော့ မတ် ၁၄ ရက်ကစလို့ ကွတ်ခိုင်၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ နမ့်ဖတ်ကာ၊ မုံစီး စတဲ့နေရာတွေကို သိမ်းယူခဲ့သလို ချင်းရွှေဟော်မှာရှိတဲ့ TNLA တပ်သားတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
MNDAA ဘက်ကတော့ သိန္နီခရိုင် ဟောင်ပါးမြို့နယ်ထဲကို TNLA ဘက်က ဝင်ရောက်ဖို့ကြိုးစားတာ၊ သိန္နီရေ အားလျှပ်စစ်ကို လုယူဖို့ကြိုးစားတာ၊ ကွတ်ခိုင်မှာ တရုတ်လူမျိုးတွေကို ဝင်ထွက်ခွင့်ကန့်သတ်ပိတ်ပင်တာစတဲ့ အခြေအနေတွေကြောင့်လို့ TNLA နဲ့ FPNCC ကို ပေးပို့တဲ့စာမှာ စွပ်စွဲဖော်ပြထားတာတွေ့ရပါတယ်။
တရုတ်စိုးရကတော့ ၂ နိုင်ငံ နယ်စပ် ရှမ်းမြောက်မှာ တိုက်ပွဲတွေ မဖော်ဆောင်ဖို့ နှစ်ဖက်တပ်တွေကို ညွှန်ကြားထားပြီး စေ့စပ်ညှိနှိုင်းဖို့ ပြောဆိုတယ်လို့ တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က မတ် ၁၅ ရက်မှာ DVB ကို ပြောပါတယ်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “တရုတ် အစိုးရဘက်ကတော့ နှစ်ဖက်တပ်တွေကို ပြောတဲ့အချိန်မှာ တိုက်ပွဲတွေ မဖော်ဆောင်ဖို့ တိုက်ပွဲတွေ ရပ်တန့်ပေးဖို့ ညွှန်ကြားတာမျိုး ရှိတယ်။ ကြားဝင်ဆောင်ရွက်ပေးတာ မျိုးတွေ ရှိပါတယ်။ နှစ်ဖက်တပ်မှာ တွေ့ဆုံနိုင်ဖို့ အဆင်မပြေတဲ့ အနေထား ဆက်ရှိနေတယ်ဆိုတော့ ဒီလိုမျိုး အခြေနေအထိ တင်မာနေမျိုးတွေ ရှိတယ်။ ကြားမှာတော့ အတတ်နိုင်ဆုံး ခေါင်းဆောင်တွေ တွေ့ဖို့ ကြိုပမ်းနေတာ ရှိပါတယ်”လို့ ပြောပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ ညီနောင်မဟာမိတ်နှစ်ဖွဲ့အကြား ပြန်လည်ညှိနှိုင်းကြဖို့နဲ့ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကိုသာ တော်လှန်ကြဖို့ တိုက်တွန်းနေပါတယ်။


