
တရုတ်နိုင်ငံနယ်စပ် ရှမ်းမြောက်မှာ တိုက်ပွဲတွေ မဖော်ဆောင်ဖို့ တရုတ်စိုးရက နှစ်ဖက်တပ်တွေကို ညွှန်ကြားထားပြီး စေ့စပ်ညှိနှိုင်းဖို့ ပြောဆိုတယ်လို့ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က DVB ကို ဒီနေ့ (မတ် ၁၅ ရက်) ပြောပါတယ်။
နယ်စပ်တလျှောက် တိုက်ပွဲမဖော်ဆောင်ဖို့ နှစ်ဖက်တပ်ကို တရုတ်က ညွှန်ကြားထားပြီး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံနိုင်ဖို့ အခက်ခဲတွေ ရှိနေသေးတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက DVB ကို ပြောပါတယ်။
“တရုတ် အစိုးရဘက်ကတော့ နှစ်ဖက်တပ်တွေကို ပြောတဲ့အချိန်မှာ တိုက်ပွဲတွေ မဖော်ဆောင်ဖို့ တိုက်ပွဲတွေ ရပ်တန့်ပေးဖို့ ညွှန်ကြားတာမျိုး ရှိတယ်။ ကြားဝင်ဆောင်ရွက်ပေးတာ မျိုးတွေ ရှိပါတယ်။ နှစ်ဖက်တပ်မှာ တွေ့ဆုံနိုင်ဖို့ အဆင်မပြေတဲ့ အနေထား ဆက်ရှိနေတယ်ဆိုတော့ ဒီလိုမျိုး အခြေနေအထိ တင်မာနေမျိုးတွေ ရှိတယ်။ ကြားမှာတော့ အတတ်နိုင်ဆုံး ခေါင်းဆောင်တွေ တွေ့ဖို့ ကြိုပမ်းနေတာ ရှိပါတယ်။”
ဒီနေ့မှာလည်း နမ့်ဖတ်ကာနဲ့ နမ့်ခမ်းမြို့ ကြားက ၁၂ မိုင်ရွာ တဝိုက်နဲ့ ကွတ်ခိုင်မြို့ပေါ်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး TNLA ဘက်ကတော့ ဒီအနေ့အထိ ထိုးစစ်တိုက်ခိုက်တာ မလုပ်ဘဲ ခုခံစစ်နဲ့သာ အခြေနေကို ထိန်းသိမ်းထားတယ်လို့ လွေးယေဦးက ပြောပါတယ်။
ကွတ်ခိုင်မြို့အဝင် တာမိုးညှဲ၊ နမ့်ဖတ်ကာ၊ မူဆယ် (၁၀၅) မိုင် အတွင်းက TNLA တပ်စခန်းတွေ ဖြုတ်သိမ်းခံထားရပြီး တပ်ဖွဲ့ဝင် ၇၀ ခန့်နဲ့ လက်နက်တွေလည်း ဖမ်းဆီး သိမ်းဆည်းခံထားရတယ်လို့ TNLA က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က ကွတ်ခိုင်မြို့ပေါ်မှာ CCTV လိုက်တပ်ဆင်နေတဲ့ MNDAA တပ်ဖွဲ့ဝင်တွေကို TNLA တပ်တွေက တားဆီးပိတ်ပင်ရာကနေ နှစ်ဖက်တပ်ကြား ထိုးကြိတ်ရိုက်နက်တာ၊ လက်နက်တွေ ဖြုတ်သိမ်းတွေ ဖြစ်ခဲ့ပြီးနောက် စစ်ရေးပဋိပက္ခ အခြေနေအထိ တင်းမာလာတာ ဖြစ်ပါတယ်။
ဒီအခြေနေနဲ့ ပတ်သက်ပြီး MNDAA ကတော့ တပ်ဖွဲ့ဝင်တွေကို TNLA က ကြားဖြတ် တိုက်ခိုက်ခဲ့လို့ တန်ပြန် တိုက်ခိုက်တာလို့ ထုတ်ပြန်ထားပြီး စစ်ရေးနည်းလမ်းထက် စေ့စပ်ညှိနှိုင်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ TNLA ဘက်က ဆိုပါတယ်။
ရှမ်းမြောက်မှာ နှစ်ကြိမ်တိုင် ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကွတ်ခိုင််မြို့ကို TNLA နဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး မြို့ကို နှစ်ဖက်တပ်ရဲ့ အုပ်ချုပ်ရေး ယန္တရားအောက်မှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
TNLA တပ်ဖွဲ့ဝင်အချို့ (Photo : DVB)


