Home
နိုင်ငံတကာ
တရုတ်တွင် အငြင်းပွားဖွယ်ရာ တိုင်းရင်းသားစည်းလုံးရေး ဥပဒေအသစ် ပြဋ္ဌာန်း
DVB
·
March 13, 2026
Photo: Reuters

တရုတ်နိုင်ငံဟာ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး” ကို မြှင့်တင်ပေးဖို့အတွက်ဆိုပြီး ကျယ်ပြန့်တဲ့ ဥပဒေအသစ်တရပ်ကို မတ် ၁၂ ရက်က ပြဋ္ဌာန်းလိုက်ပါတယ်။

အဲဒီဥပဒေကို ပေကျင်းမြို့က အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) မှာ မဲခွဲအတည်ပြုခဲ့တာဖြစ်ပြီး ဒါဟာ တပတ်ကြာ ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေး ပြီးဆုံးခါနီးအချိန်လည်း ဖြစ်ပါတယ်။

အခုလိုမျိုး ဆွေးနွေးဖို့ တင်ပြထားတဲ့ စာရင်းထဲက ဘယ်အကြောင်းအရာကိုမှ ကန့်ကွက်ပယ်ချတာမျိုး မရှိတာကြောင့် ဟန်ပြလွှတ်တော်အစည်းအဝေး ဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

အဲဒီဥပဒေအရ မူလတန်း မတက်ခင်ကစပြီး အထက်တန်းကျောင်းပြီးတဲ့အထိ ကလေးသူငယ်တိုင်းကို မန်ဒရင်း (Mandarin) ဘာသာစကား သင်ကြားပေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တရားဝင် အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုးစု ၅၆ ခုကြား ပညာရေးနဲ့ အိမ်ရာစီမံကိန်းကတဆင့် ပေါင်းစည်းမှုကို မြှင့်တင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့လည်း ဥပဒေအသစ်ဟာ မူရင်းဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကနေ ဖြတ်တောက်ရာရောက်သလို လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကိုလည်း ပိုပြီး ဆုတ်ယုတ်စေနိုင်တယ်လို့ လေ့လာသူတွေအနေနဲ့ ဝေဖန်ထားပါတယ်။

ဒါကြောင့် မန်ဒရင်း တရုတ်စကား သင်ယူပြီးတဲ့အခါ အနာဂတ် မျိုးဆက်သစ်တွေရဲ့  အလုပ်အကိုင် အခွင့်အလမ်းအတွက် အထောက်အကူ ဖြစ်နိုင်တယ်ဆိုပြီး ပေကျင်းအစိုးရ အနေနဲ့ တုံ့ပြန်ထားပါတယ်။

အရင်တုန်းကတော့ ကျောင်းသားတွေဟာ သင်ရိုးအများစုကို တိဘက်၊ ဝီဂါနဲ့ မွန်ဂို စတဲ့​ မိခင်ဘာသာစကားတွေနဲ့သာ သင်ယူလေ့လာခွင့် ရခဲ့ပါတယ်။

လက်ရှိ တရုတ်လူဦးရေ ၁ ဒသမ ၄ ဘီလီယံထဲက ၉၀ ရာခိုင်နှုန်းကျော်ဟာ ဟန် (Han) လူမျိုးတွေ ဖြစ်ကြပြီး ကျန်တာကိုတော့ တိုင်းရင်းသားလူနည်းစုတွေအဖြစ် ဖော်ပြထားပါတယ်။

တချိန်တည်းမှာ တရုတ်အစိုးရဟာ တိဘက်၊ ရှင်ကျန်းနဲ့ မွန်ဂိုလီးယားအတွင်းပိုင်းလိုမျိုး ဒေသတွေက လူနည်းစုတွေရဲ့ အခွင့်အရေးကို ကန့်သတ်ပိတ်ပင်တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။

တရုတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆိုရင်တော့ “တိုင်းရင်းသားလူမျိုးစု တခုချင်းစီတိုင်းက မိမိတို့ ကိုယ်ပိုင်ဘာသာစကားကို အသုံးပြုခွင့်၊ ဖွံ့ဖြိုးအောင်လုပ်ဆောင်ခွင့်” နဲ့ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်” ပါရှိတဲ့အကြောင်း ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013