Home
နိုင်ငံတကာ
ဟော်မုဇ်ရေလက်ကြား၌ အပစ်ခံရသည့် ထိုင်းသင်္ဘောပေါ်မှ အယောက် ၂၀ နေရပ်ပြန်ရောက် 
DVB
·
March 16, 2026
Photo: Thai News Media Network Group

စစ်ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းဒေသ ဟော်မုဇ်ရေလက်ကြားမှာ အပစ်ခံရလို့ မီးလောင်ခဲ့တဲ့ ထိုင်းကုန်တင်သင်္ဘောပေါ်က ထိုင်းနိုင်ငံသား အယောက် ၂၀ ဟာ မတ် ၁၆ ရက် ဒီနေ့မနက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို ဘေးကင်းစွာ ပြန်ရောက်လာပြီလို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းသင်္ဘောသား အယောက် ၂၀ အမိမြေ ထိုင်းကို ပြန်လည်ရောက်ရှိဖို့ အိုမန်နိုင်ငံ မက်စ်ကတ်မြို့အခြေစိုက် ထိုင်းသံရုံးက အရေးပေါ်နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့တယ်၊ အဲဒီဒေသကနေ ထွက်ခွာလာရဖို့ လမ်းကြောင်းတွေဟာ ရှုပ်ထွေးနေတာကြောင့် သက်ဆိုင်ရာနိုင်ငံ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပေးပြီး အိုမန်နဲ့ ယူအေအီးနိုင်ငံတို့ကလည်း လိုအပ်တဲ့အကူအညီ ပေးခဲ့တာပါ။

ဒါကြောင့် မနေ့ည ‌‌ဒေသစံတော်ချိန် ၁၁ နာရီမှာ မတ်စ်ကတ်လေဆိပ်ကနေ ထွက်ခွာလာရပြီး ဒီနေ့မနက် ထိုင်းစံတော်ချိန် ၆ နာရီကျော်မှာ ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်ကို ချောမောစွာ ပြန်‌ရောက်လာပြီလို့ ဆိုပါတယ်။

အဆိုပါလေဆိပ်မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နိုင်းဖိချိတ် ထောင်းဖန်းနဲ့ တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြတယ်၊ သူတို့အတွက် ကယ်ဆယ်ရေးလုပ်ငန်းနဲ့ အကျိုးခံစားခွင့်တွေ ပြင်ဆင်ထားကြောင်း ရှင်းပြခဲ့တယ်၊ အန္တရာယ်တွေကြားကနေ တာဝန်ထမ်းဆောင်ခဲ့တာမို့ လူမှုဖူလုံရေးဌာနရဲ့ စစ်မက်ကြား အရေးပေါ်အာမခံကြေး ထောက်ပံ့ဖို့ရှိကြောင်း အတွင်းဝန်က ပြောပါတယ်။

သူတို့ ခရီးစရိတ်အားလုံးကို Mayuree Naree သင်္ဘောပိုင်ရှင်က အကုန်အကျခံပြီး သင်္ဘောပေါ် ကျန်ခဲ့တဲ့ အဝတ်အစား တကိုယ်ရေသုံးပစ္စည်းတွေကို အစားထိုး ပြန်ဝယ်ပေးခဲ့တယ်၊ လစာကိုလည်း ပုံမှန်ထုတ်ပေးမယ်၊ သင်္ဘောပေါ်မှာ ပျောက်ဆုံးနေတဲ့ ကျန်သင်္ဘောသား ၃ ယောက်ကိုလည်း အမြန်ဆုံး ကယ်တင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်ကလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးထံ တယ်လီဖုန်းနဲ့ တိုက်ရိုက် ဆက်သွယ်ကာ Mayuree သင်္ဘောပေါ် ကျန်ရှိထိုင်းသင်္ဘောသား ၃ ယောက်ကို ကယ်ဆယ်ခွင့်ရဖို့ လမ်းကြောင်းဖွင့်လှစ်ကူညီပေးဖို့၊ စစ်ပွဲမှာ ဘယ်ဘက်ကမှ ပါဝင်ပတ်သက်မှုမရှိတဲ့ ထိုင်းကုန်တင်သင်္ဘောတွေကို ဟော်မုဇ်ရေလက်ကြားမှာ ဖြတ်သန်းခွင့်ပြုဖို့၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာဖို့ တောင်းဆိုခဲ့တယ်လို့ ချန်နယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

Mayuree Naree အမည်ရှိ ထိုင်းကုမ္ပဏီပိုင် ကုန်တင်သင်္ဘောဟာ မတ် ၁၁ ရက်က ယူအေအီးနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ဦးတည်ခုတ်မောင်းစဉ် ဟော်မုဇ်ရေလက်ကြားမှာ အီရန်စစ်တပ်ရဲ့ ပစ်ခတ်မှုကို ခံရပြီး သင်္ဘောကြီးပဲ့နင်းပိုင်း မီးလောင်ခဲ့တယ်၊ အဆိုပါသင်္ဘောပေါ်မှာ သင်္ဘောသား ၂၃ ယောက် လိုက်ပါလာပြီး အယောက် ၂၀ က သင်္ဘောကိုစွန့်ပြီး ရေထဲခုန်ချစဉ် အိုမန် ကယ်ဆယ်ရေးအဖွဲ့က ကယ်တင်ခဲ့ပါတယ်။

ဒါပေမဲ့ ၃ ယောက်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပြီး သူတို့ ၃ ယောက်လုံး အဆိုပါသင်္ဘောပေါ်မှာပဲ အသက်ရှင်လျက် ကျန်ရှိနေသေးတယ်လို့ တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။

အဆိုပါ ၃ ယောက်မှာ စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာတယောက်၊ လျှပ်စစ်ကျွမ်းကျင်သူတယောက်နဲ့  သင်္ဘောလုပ်သားတယောက်တို့ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်ပြီးတဲ့နောက် ကုန်သွယ်ရေးမှာ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားဒေသကို အီရန်ဘက်က ပိတ်ဆို့လိုက်ပြီး မိတ်ဖက်သင်္ဘောတွေကိုသာ ဖြတ်သန်းသွားလာခွင့် ပြုခဲ့တယ်၊  သံသယရှိတဲ့ သင်္ဘောတွေကို ပစ်ခတ်ခဲ့တာမှာ သင်္ဘောအစီးရေ ၁၇ စင်း ပစ်ခံခဲ့ရပြီး အဲဒီထဲမှာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ ထိုင်းကုန်တင်သင်္ဘော အပါအဝင် တခြားနိုင်ငံက ကုန်တင်သင်္ဘောတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။

Source: T News / The Standard / CH7 HD News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013