
အရှေ့အလယ်ပိုင်းမှာ ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ဖြစ်လာတဲ့ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းကြားမှာ တည်ငြိမ်တဲ့ အထောက်အပံ့တွေရဖို့ နိုင်ငံတွေက အပြိုင်အဆိုင် ကြိုးပမ်းနေကြချိန်မှာ အမေရိကန်နဲ့ ဂျပန်တို့က မတ် ၁၄ ရက်မှာ စွမ်းအင်သဘောတူညီချက်အသစ်တွေကို လက်မှတ်ထိုးခဲ့ကြပါတယ်။
စနေနေ့မှာ အမေရိကန် စွမ်းအင်နဲ့ စက်မှုလုပ်ငန်းဆိုင်ရာ အရာရှိတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အမျိုးသားစွမ်းအင်လွှမ်းမိုးမှုကောင်စီ ဦးဆောင်ပြီး ဂျပန်နဲ့ အာရှမှာ ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ဖို့ ပထမဆုံးဖိုရမ်ဖြစ်တဲ့ အင်ဒို-ပစိဖိတ် စွမ်းအင်လုံခြုံရေး ဝန်ကြီးတွေနဲ့ စီးပွားရေးဖိုရမ် (IPEM) အတွက် တိုကျိုမှာ စုဝေးခဲ့ကြပါတယ်။
အခမ်းအနားကို ဖွင့်လှစ်ရာမှာ အမေရိကန် ပြည်ထဲရေးဝန်ကြီး ဒေါက်ဘာဂမ်က နိုင်ငံတွေဟာ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်တွေဆီကနေ ယုံကြည်စိတ်ချရတဲ့ စွမ်းအင်ကိုရတာ သေချာစေရမယ်လို့ ပြောပါတယ်။
ဝန်ကြီး ဘာဂမ်က “အရှေ့အလယ်ပိုင်းက ပထဝီဝင်ရေလက်ကြားတခုဖြစ်စေ၊ ထောက်ပံ့မှုကို ထိန်းချုပ်ခြင်းဖြစ်စေ... ကျနော်တို့မှာ ယုံကြည်စိတ်ချရတဲ့၊ တတ်နိုင်တဲ့၊ လုံခြုံတဲ့ အထောက်အပံ့ ရှိရမယ်၊ ယုံကြည်ရတဲ့ မိတ်ဖက်တွေဆီ ပေးပို့နိုင်ပြီး ဒီအချက်တွေထဲက ဘာနဲ့မဆို စီးပွားရေးအရ ဓားစာခံအဖြစ် မထားရှိဘဲ အမှန်တကယ် ပေးပို့နိုင်ရမယ်”လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်နဲ့ အမေရိကန်-အစ္စရေးစစ်ပွဲ ဖြစ်အပြီး ရေနံစိမ်းဈေးနှုန်းတွေ မြင့်တက်လာတာကို သက်သာစေဖို့ မဟာဗျူဟာမြောက် ရေနံသိုက်တွေကနေ ရေနံစည်ပေါင်း သန်း ၄၀၀ ထုတ်ပေးဖို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီက မတ် ၁၁ ရက်မှာ သဘောတူခဲ့ပြီးတဲ့နောက် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုအတွက် တွန်းအားပေးမှု ပေါ်ပေါက်လာခဲ့ပါတယ်။
အထောက်အပံ့ရဲ့ ၉၀ ရာခိုင်နှုန်းလောက်အတွက် အရှေ့အလယ်ပိုင်းရေနံကို မှီခိုနေရတဲ့ G7 အဖွဲ့ဝင် ဂျပန်နိုင်ငံက မတ် ၁၆ ရက်ကစပြီး ပံ့ပိုးကူညီမှုအဖြစ် ပုဂ္ဂလိကနဲ့ အမျိုးသားရေနံသိုက်တွေကနေ ရေနံစည်ပေါင်း သန်း ၈၀ လောက် ထုတ်ပေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
Source: Reuters


