
တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ မတ် ၁၄ ရက်က ယွန်ချွန်မှာ မြစ်ကိုဖြတ်ကူးတဲ့ စစ်ရေးလေ့ကျင့်ခန်းတရပ်ကို လေ့ကျင့်ခဲ့ပြီး ပူးတွဲတံတားတခု ဖန်တီးဖို့ တံတားနည်းပညာတွေကို ပထမဆုံးအကြိမ် ပေါင်းစပ် သုံးစွဲခဲ့တယ်လို့ စစ်ဘက်အရာရှိတွေက ပြောပါတယ်။
လေ့ကျင့်ခန်းမှာ တောင်ကိုရီးယားရဲ့ KM3 ကုန်းရေနှစ်သွယ်တံတားယာဉ်နဲ့ အမေရိကန်စစ်တပ်ရဲ့ တိုးတက်ကောင်းမွန်တဲ့ Ribbon Bridge (IRB) ကို ချိတ်ဆက်ထားပြီး အမေရိကန် သံချပ်ကာယာဉ်တွေ၊ တောင်ကိုရီးယား သံချပ်ကာလူတင်ယာဉ်တွေ၊ K281 81mm မော်တာတင်ယာဉ်တွေနဲ့ K1A2 အဓိကတိုက်ပွဲဝင်တင့်ကားတွေ အပါအဝင် စစ်ဘက်ယာဉ်တွေ ဖြတ်သန်းသွားလာနိုင်ခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ အနာဂတ်မှာ ပေါင်းစပ် မြစ်ဖြတ်ကူးခြင်း စစ်ဆင်ရေးစွမ်းရည်တွေကို ဆက်မြှင့်တင်သွားမယ်လို့ ကိုရီးယားအခြေစိုက် အမေရိကန် စစ်တပ်တွေရဲ့တပ်မှူး ဗိုလ်ချုပ်ကြီး ဇေဗီယာတီဘရန်ဆန်က လေ့ကျင့်ခန်းအတွင်း ပြောပါတယ်။
၂ နိုင်ငံစလုံးက တပ်ဖွဲ့ဝင်ရာပေါင်းများစွာလည်း စစ်ဆင်ရေးမှာ ပါဝင်ခဲ့ပြီး ပေါင်းစပ်တပ်ဖွဲ့တွေရဲ့ တပ်မှူးရဲ့ ကြီးကြပ်မှုနဲ့အတူ လှုပ်ရှားမှုတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ အာရုံစိုက်ခဲ့ပါတယ်။
အမေရိကန်ဟာ ရေရှည်စစ်ရေးကတိကဝတ်ရဲ့ တစိတ်တပိုင်းအဖြစ် တောင်ကိုရီးယားမှာ တပ်ဖွဲ့ဝင် ၂၈,၅၀၀ လောက်ကိုချထားပါတယ်။
သီးခြားစီအနေနဲ့ မြောက်ကိုရီးယားဟာ စနေနေ့မှာ ပင်လယ်ထဲကို ပဲ့ထိန်း ဒုံးကျည် ၁၀ စင်းကျော် ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားရဲ့ ပူးတွဲစစ်ဦးစီးချုပ်တွေက ပြောပါတယ်။
တချိန်တည်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ ပြန်ဖိတ်ခေါ်ထားပေမဲ့ တင်းမာမှုတွေ မြင့်တက်နေဆဲ ဖြစ်ပါတယ်။


