
အီရတ်နိုင်ငံ အနောက်ပိုင်းမှာ အမေရိကန်ရဲ့ ဝေဟင်ဆီဖြည့်လေယာဉ် KC-135 တစင်း ပျက်ကျခဲ့ပြီး ကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
ဒီမတော်တဆမှုမှာ လေယာဉ် ၂ စင်း ပါဝင်ခဲ့ပြီး တခြားတစင်းကတော့ ဘေးရန်ကင်းကင်း ဆင်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ ရန်သူပစ်ခတ်မှု ဒါမှမဟုတ် မှားယွင်းပစ်ခတ်မှုကြောင့် ပျက်ကျခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီဆီဖြည့်လေယာဉ်ဟာ အီရန်နိုင်ငံအပေါ် ဆင်နွှဲနေတဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်နေတာပါ။
လေယာဉ်ပေါ်မှာ လေယာဉ်မှူး အပါအဝင် အမှုထမ်း ၃ ယောက်ကနေ ၅ ယောက်အထိ လိုက်ပါလေ့ရှိပြီး သူတို့ရဲ့အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ စစ်ပွဲစတင်ကတည်းက အမေရိကန်စစ်သား ၇ ယောက် သေဆုံးခဲ့ပြီလို့ အတည်ပြုထားပါတယ်။
ဒီလအစောပိုင်းကလည်း ကူဝိတ်နိုင်ငံဝေဟင်မှာ မှားယွင်းပစ်ခတ်မှုကြောင့် F-15 တိုက်လေယာဉ် ၃ စင်း ပျက်ကျခဲ့တာကြောင့် အခုစစ်ပွဲမှာ အမေရိကန်စစ်တပ်ဟာ လေယာဉ် ၄ စင်းထက်မနည်း ဆုံးရှုံးခဲ့ရပြီ ဖြစ်ပါတယ်။
Source: Reuters


