
အီရန်အစိုးရကို အမေရိကန်က လုံးဝဖျက်ဆီးနေပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပြီး အီရန်စစ်တပ်နဲ့ ခေါင်းဆောင်ပိုင်း အင်အားလျော့နည်းလာပြီလို့ လည်းဆိုပါတယ်။
“ဒီရူးကြောင်ကြောင်အဖွဲ့ ဘာတွေဖြစ်မလဲဆိုတာ ကြည့်ကြပါ” လို့လည်း ထရမ့်ပ်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အီရန်ကလည်း အစ္စရေးနဲ့ အမေရိကန် အခြေစိုက်စခန်းတွေရှိတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ပြန်လည်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
“အီရန်ရဲ့ အကြမ်းဖက်အစိုးရကို ကျနော်တို့ လုံးဝဖျက်ဆီးနေပါပြီ။ သူတို့ရဲ့ စစ်ရေး၊ စီးပွားရေးတွေပေါ့။ ဒါပေမဲ့ New York Times ကို ဖတ်မယ်ဆိုရင်တော့ ကျနော်တို့ မနိုင်ဘူးလို့ မှားယွင်းတဲ့အတွေးတွေ ဖြစ်လာမှာပါ။ အီရန်ရေတပ် မရှိတော့ပါဘူး။ သူတို့ရဲ့လေတပ်လည်း ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အရာအားလုံး ဆုံးရှုံးနေလို့ မကြာခင် ရှိတော့မှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ခေါင်းဆောင်တွေလည်း ကမ္ဘာမြေပေါ်က ဖျောက်ဖျက်ခံနေရပါပြီ။ ကျနော်တို့မှာ ပြိုင်ဘက်မရှိတဲ့ ပစ်ခတ်နိုင်မှုစွမ်းအား၊ အကန့်အသတ်မရှိတဲ့ လက်နက်ခဲယမ်းတွေ ရှိပါတယ်။ ဒီနိုင်ငံခေါင်းဆောင်တွေဟာ ၄၇ နှစ်လုံးလုံး ကမ္ဘာပေါ်က အပြစ်မရှိသူတွေကို သတ်ဖြတ်ခဲ့တာပါ။ လက်ရှိ အမေရိကန်ရဲ့ ၄၇ ယောက်မြောက် သမ္မတဖြစ်တဲ့ ကျနော်က သူတို့ကို သတ်နေပါတယ်။ ဒီလိုလုပ်တာ ဘယ်လောက်ဂုဏ်ယူစရာကောင်းလဲ” လို့ ထရမ့်ပ်က ဆိုရှယ်မီဒီယာမှာ ရေးသား ဖော်ပြထားပါတယ်။
ဒီစစ်ပွဲ ၂ ပတ်ကြာလာတဲ့အချိန်မှာ လူသေဆုံးမှု ထောင်ချီရှိလာပြီး ကမ္ဘာ့ရေနံဈေးကွက် လှုပ်ခတ်မှုတွေ ဖြစ်နေပါတယ်။
စစ်ပွဲဆင်နွှဲနေတဲ့ အီရန်၊ အစ္စရေးနဲ့ အမေရိကန် ခေါင်းဆောင်တွေကတော့ တိုက်ပွဲ ဆက်တိုက်မယ်လို့ ပြောထားတာ တွေ့ရပါတယ်။
Source: Reuters


