
အရှေ့အလယ်အပိုင်းမှာ စစ်ရေးအရှိန် မြင့်လာချိန်ကတည်းက အာဖဂန်နစ္စတန်၊ အီရန်၊ လက်ဘနွန်နဲ့ ပါကစ္စတန်နိုင်ငံတို့ကို ရွှေ့ပြောင်းနေထိုင်သူ ၄ ဒသမ ၁ သန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဒူဂျာရစ်က ပြောပါတယ်။
တခြားနိုင်ငံတွေမှာ ဒုက္ခသည်အဖြစ် ခိုလှုံသူ ၁၁၇,၀၀၀ ရှိတယ်လို့လည်း ဒူဂျာရစ်က ဆိုပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ နေထိုင်သူတွေဟာ အဆောက်အအုံတွေ ပျက်စီးမှုတွေ ရင်ဆိုင်နေရပြီး လူသားချင်းစာနာမှုဆိုင်ရာ ကမ္ဘာ့အကူအညီတွေ လိုအပ်နေတယ်လို့ ပြောခဲ့တာပါ။
လက်ရှိ အီရန်တနိုင်ငံတည်းမှာတင် အိမ်ထောင်စု ၆၀၀,၀၀၀ ကနေ ၁ သန်းကြားဟာ လက်ရှိဖြစ်ပေါ်တဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရတာပါ။ ဒီလိုမိသားစုမျိုး ၃ ဒသမ ၂ သန်းအထိ တိုးလာဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
လက်ရှိစစ်ပွဲမှာ ပါဝင်နေတဲ့ လက်ဘနွန်နိုင်ငံမှာလည်း ရွှေ့ပြောင်းစာရင်းဟာ ၈၁၆,၀၀၀ ကျော် ရှိပါတယ်။ အဲဒီအထဲမှာ ကလေဦးရေ ၂၈၅,၀၀၀ ပါဝင်တယ်။
နီးစပ်ရာ စင်တာတွေမှာ ခိုလှုံခွင့်ပေးထားသူ ၁၂၅,၀၀၀ ကျော် ရှိတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
အီရန်စစ်ပွဲကြောင့် အရင်က အီရန်နိုင်ငံမှာ လက်ခံထားတဲ့ အာဖဂန်နိုင်ငံက ဒုက္ခသည်မိသားစုတွေကိုလည်း ထိခိုက်မှုတွေ ရှိလာတယ်လို့ ဒူဂျာရစ်က ပြောပါတယ်။
ဒီစစ်ပွဲမှာ အရပ်သားတွေကို ကာကွယ်ဖို့ ဒူဂျာရစ်က တိုက်ခိုက်သူတွေအားလုံးကို ပြောဆိုခဲ့ပြီး လူသားချင်းစာနာမှုနဲ့ နယ်စပ်တွေကို နိုင်ငံတကာစည်းမျည်းတွေနဲ့အညီ ဖွင့်ပေးဖို့လည်း ပြောဆိုထားပါတယ်။
အီရန်စစ်ပွဲဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ အစ္စရေးတို့က ပူးပေါင်းတိုက်ခိုက်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။
အီရန်ကလည်း အမေရိကန်အခြေစိုက်စခန်းတွေ တည်ရှိတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် အရှေ့အလယ်ပိုင်းမှာ စစ်ပွဲအရှိန် မြင့်လာတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စစ်ပွဲမှာ ပါဝင်သူတိုင်း စစ်ကိုရပ်ပြီး ဆွေးနွေးမှုတွေလုပ်ဖို့ မတ် ၁၂ ရက်မှာ တိုက်တွန်းထားပါတယ်။
Source: Reuters


