
စပါးအသင်းဟာ အန်ဖီးလ်မှာ လီဗာပူးနဲ့ ၁ ဂိုးစီ သရေကျပြီး ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့ပေမဲ့ ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာတော့ နည်းပြ အီဂေါတူဒေါနဲ့ သတင်းထောက် ပက်ထရစ်ဒေးဗစ်ဆင်တို့ကြား တင်းမာမှုတွေ ရှိခဲ့ပါတယ်။
တူဒေါက ဒီရလဒ်ဟာ အသင်းအတွက် “လတ်ဆတ်တဲ့ လေပြည်” တခုလိုပဲလို့ တင်စားခဲ့ပြီး သူဟာ ရာထူးက ထုတ်ပယ်ခံရမှာကို တစက္ကန့်လေးတောင် မစိုးရိမ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
“ကျနော် နည်းပြလုပ်သက် ၁၅ နှစ်အတွင်းမှာ ကိုယ့်အနာဂတ်အတွက် ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။ မနက်ဖြန် လေ့ကျင့်ရေးမှာ ကစားသမားတွေကို ဘယ်လိုကူညီရမလဲ ဆိုတာပဲ စဉ်းစားတယ်” လို့ သူက ဆိုပါတယ်။
အင်တာဗျူးအဆုံးမှာတော့ သတင်းထောက်က တူဒေါရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အသင်းမှာ နည်းပြသစ် လိုအပ်နေပြီလားဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့ရာမှာ တူဒေါက ဒေါသတကြီးနဲ့ “ဒါ ကျနော့်ကိုမေးရမဲ့ မေးခွန်းမဟုတ်ဘူး။ ခင်ဗျားတို့က အမြဲတမ်း အဓိပ္ပာယ်မရှိတာတွေကိုပဲ ဇွတ်မေးနေတာ၊ အခုပြီးပြီလား” လို့ ပြန်လည်တုံ့ပြန်ပြီး အင်တာဗျူးကို ချက်ချင်း အဆုံးသတ်ကာ ထွက်ခွာသွားခဲ့ပါတယ်။


