
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က သတင်းထောက်နဲ့ မီဒီယာလုပ်သား ၁၂၉ ယောက် စံချိန်တင် သတ်ဖြတ်ခံခဲ့ရပြီး သူတို့ထဲက ၃ ပုံ ၂ ပုံဟာ အစ္စရေးလက်ချက်နဲ့ သေခဲ့တာလို့ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောပါတယ်။
သတင်းထောက်တွေကို သတ်ဖြတ်မှုတွေ စံချိန်တင်တဲ့နှစ်ဖြစ်ပြီး ၃ ပုံ ၂ ပုံအတွက် အစ္စရေးက တာဝန်ရှိတယ်လို့ နယူးယောက်အခြေစိုက် CPJ ကော်မတီရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ပြောလိုက်တာပါ။
၂၀၂၅ ခုနှစ်မှာ အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် သတင်းထောက် ၈၆ ယောက် သေဆုံးခဲ့ပြီး အများစုက ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေ ဖြစ်ပါတယ်။
ယီမင်နိုင်ငံမှာရှိတဲ့ ဟူသီမီဒီယာစင်တာတခုကို တိုက်ခိုက်မှုမှာ အလုပ်သမား ၃၁ ယောက် သေဆုံးခဲ့ပြီး CPJ က မှတ်တမ်းတင်ထားတဲ့ ဒုတိယမြောက် အသေအပျောက် အများဆုံး တိုက်ခိုက်မှုလို့ ဆိုပါတယ်။
ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှု ဒါမှမဟုတ် “လူသတ်မှု” အဖြစ် CPJ က သတ်မှတ်ခဲ့တဲ့ သတ်ဖြတ်မှု ၄၇ မှုရဲ့ ၈၁ ရာခိုင်နှုန်းအတွက်လည်း အစ္စရေးမှာ တာဝန်ရှိပါတယ်။
ဂါဇာမှာ ဝင်ရောက်ခွင့် ကန့်သတ်ချက်တွေကြောင့် အတည်ပြုဖို့ခက်တဲ့အတွက် အမှန်တကယ် ကိန်းဂဏန်းက ပိုမြင့်နိုင်တယ်လို့လည်း CPJ က ပြောပါတယ်။ အစ္စရေးစစ်တပ်က မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို မတုံ့ပြန်ပါဘူး။
ဂါဇာက အစ္စရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရေးသမားတွေကိုသာ ပစ်မှတ်ထားတယ်လို့ အစ္စရေးက အရင်ကပြောပေမဲ့ တိုက်ပွဲဇုန်တွေမှာ လှုပ်ရှားနေတဲ့ အန္တရာယ်တွေ ရှိတယ်လို့ အစ္စရေးက ပြောပါတယ်။
စက်တင်ဘာလမှာ ယီမင်နိုင်ငံထဲက မီဒီယာစင်တာကို ပစ်မှတ်ထားခဲ့တာကိုတော့ အစ္စရေးက ဝန်ခံခဲ့ပြီး အဲဒီအချိန်က ဟူသီတွေရဲ့ ဝါဒဖြန့်ချိရေးဌာနတခုအဖြစ် ဖော်ပြခဲ့ပါတယ်။
အစ္စရေးဟာ ဂါဇာက သတင်းထောက်တွေကို ပစ်မှတ်ထားခဲ့တဲ့ အကြိမ်အတော်များများမှာ အတည်ပြုနိုင်တဲ့ အထောက်အထားတွေ မပေးဘဲ ဟားမတ်စ်တွေနဲ့ ဆက်စပ်နေတယ်လို့သာ ပြောခဲ့ပါတယ်။
သေဆုံးသူ သတင်းထောက်တွေက စစ်သွေးကြွတွေနဲ့ မဆက်စပ်ဘူးလို့ နိုင်ငံတကာ သတင်းဌာနတွေက ပြင်းပြင်းထန်ထန် ငြင်းခဲ့ပါတယ်။
CPJ က အစ္စရေးရဲ့ စွပ်စွဲချက်တွေကို “သေစေနိုင်တဲ့ အသရေဖျက်မှုတွေ” လို့ ခေါ်ဆိုခဲ့ပါတယ်။
အစ္စရေးက ဂါဇာဆီ နိုင်ငံခြားသတင်းထောက်တွေကို ဝင်ခွင့်မပြုလို့ အဲဒီနေရာမှာ သေတဲ့ မီဒီယာလုပ်သား အားလုံးဟာ ပါလက်စတိုင်းလူမျိုးတွေ ဖြစ်ပါတယ်။
ဂါဇာနဲ့ ယီမင်ကလွဲလို့ သတင်းထောက်တွေအတွက် အသေအပျောက် အများဆုံးနိုင်ငံတွေက ဆူဒန်နဲ့ မက္ကဆီကိုနိုင်ငံတွေပါ။
ယူကရိန်းသတင်းထောက် ၄ ယောက်ကို ရုရှားတပ်တွေက သတ်ခဲ့ပြီး ဖိလစ်ပိုင်မှာ သတင်းထောက် ၃ ယောက် သေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Source: Reuters


