
မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ မနေ့ညက အက်စတွန်ဗီလာနဲ့ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ တရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးစံချိန်ကို ချိုးဖျက်ဖို့ အခြေအနေကောင်းသွားခဲ့ပါပြီ။
လက်ရှိရာသီမှာ သူဟာ ဂိုးဖန်တီးမှု ၁၆ ကြိမ်အထိ ရှိလာခဲ့ပြီး ဒေးဗစ်ဘက်ခမ်း ၁၅ ကြိမ် တင်ထားတဲ့ မန်ယူအသင်းရဲ့ တရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
အခုအခါ ဘရူနိုဟာ သီယာရီအွန်နရီနဲ့ ဒီဘရိုင်းတို့ ပူးတွဲတင်ထားတဲ့ တရာသီ ဂိုးဖန်တီးမှုအကြိမ် ၂၀ စံချိန်ကို ချိုးဖျက်ဖို့ ၄ ကြိမ်သာ လိုတော့တာပါ။
လက်ကျန် ၈ ပွဲမှာသာ စံချိန်သစ်တင်နိုင်ရင် ပရီးမီးယားလိဂ်သမိုင်းရဲ့ အကောင်းဆုံးဖန်တီးရှင် ဖြစ်လာမှာပါ။
ဒါ့အပြင် သူဟာ စတီဗင်ဂျရတ်တင်ထားတဲ့ ပြစ်ဒဏ်ဘော/ထောင့်ကန်ဘောမှ ဂိုးဖန်တီးမှုစံချိန် ၁၁ ကြိမ်ကိုလည်း လိုက်မီဖို့ ၃ ကြိမ်သာ လိုပါတော့တယ်။
ဘရူနိုဟာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု အကြိမ် ၁၀၀ ပြည့်မြောက်ခဲ့ပြီး ဂစ်၊ ရွန်နီနဲ့ ဘက်ခမ်းတို့ ပြီးနောက် ဒီမှတ်တိုင်ကို စတုတ္ထမြောက် ရောက်ရှိတဲ့ ကစားသမားလည်း ဖြစ်လာပါတယ်။


