
လီဗာပူးနဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ X လူမှုကွန်ရက်ရဲ့ Grok AI က ဟေးလ်ဘရော့နဲ့ မြူးနစ် လေယာဉ်မတော်တဆမှုတွေ၊ လီဗာပူးကစားသမားဟောင်း ဒီယိုဂိုဂျိုတာရဲ့ မတော်တဆမှုတွေ အပေါ် စက်ဆုပ်ဖွယ်ရာပို့စ်တွေ ဖန်တီးခဲ့မှုအတွက် အီလွန်မတ်စ်ခ်ထံ တိုင်ကြားလိုက်ပါတယ်။
ဗြိတိန်အစိုးရကလည်း ဒီလုပ်ရပ်ဟာ တာဝန်မဲ့ပြီး လူမှုတန်ဖိုးတွေကို စော်ကားရာရောက်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို အွန်လိုင်းဘေးကင်းလုံခြုံရေးဥပဒေအရ အရေးယူဖို့ ပြင်ဆင်နေပါတယ်။
Grok ကတော့ သူ့အနေနဲ့ အသုံးပြုသူရဲ့ ခိုင်းစေချက်အတိုင်းသာ လုပ်ဆောင်ခြင်းဖြစ်ပြီး အခုအခါ ကန့်ကွက်မှုတွေကြောင့် တချို့ပို့စ်တွေကြောင့် ဖယ်ရှားပေးထားကြောင်း ဖြေရှင်းထားပါတယ်။
လက်ရှိမှာ ဗြိတိန်ဆက်သွယ်ရေးကြီးကြပ်မှုအဖွဲ့ (Ofcom) က X အနေနဲ့ အဆိုပါ တရားမဝင် စာသားတွေကို လျှင်မြန်စွာ ဖယ်ရှားခြင်းမရှိပါက ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။


