
မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ ရူဘင်အာမိုရင်ကို ထုတ်ပယ်ခဲ့တဲ့အတွက် နစ်နာကြေး အပါအဝင် စုစုပေါင်း ပေါင် ၁၅ ဒသမ ၉ သန်းလောက် ကုန်ကျနိုင်ကြောင်း နယူးယောက် စတော့အိတ်ချိန်းကို တင်ပြတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အာမိုရင်ဟာ အသင်းကို ၁၄ လကြာ တာဝန်ယူခဲ့ပြီးနောက် စီမံခန့်ခွဲသူတွေနဲ့ သဘောထားကွဲလွဲမှုတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလက ထုတ်ပယ်ခံခဲ့ရတာပါ။
အာမိုရင်ကို ခေါ်ယူစဉ်က စပို့တင်းလစ္စဘွန်းကို ပေးခဲ့ရတဲ့ လျော်ကြေးနဲ့ အရင်က နည်းပြ အဲရစ်တန်ဟက်ရဲ့ နစ်နာကြေးတွေကိုပါ ပေါင်းစပ်ပါက ယူနိုက်တက်ဟာ နည်းပြအပြောင်းအလဲ အတွက် စုစုပေါင်း ပေါင် ၃၇ ဒသမ ၃ သန်းအထိ အကုန်အကျခံခဲ့ရပါတယ်။
အာမိုရင်လက်ထက် ယူနိုက်တက်ဟာ မနှစ်ကရာသီမှာ အဆင့် ၁၅ အထိ ကျဆင်းခဲ့ပေမဲ့ လက်ရှိရာသီမှာတော့ အာမိုရင်ကို ထုတ်ပယ်ပြီးနောက်ပိုင်း ယာယီနည်းပြ မိုက်ကယ်ကားရစ်ရဲ့ ဦးဆောင်မှုနဲ့ အဆင့် ၄ အတွင်း ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်။


