
မန်ချက်စတာယူနိုက်တက် အမှုဆောင်အရာရှိချုပ် အိုမာဘာရဒါက အသင်းရဲ့ ကွင်းပြင်ပ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဘဏ္ဍာရေးစွမ်းဆောင်ရည် သိသိသာသာ တိုးတက်လာပြီလို့ ပြောကြားခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ ၆ လတာကာလအတွင်း အသင်းဟာ ပေါင် ၃၂ ဒသမ ၆ သန်း အမြတ်ရရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်က ပေါင် ၃ ဒသမ ၉ သန်း အရှုံးပေါ်ခဲ့တာနဲ့စာရင် အခြေအနေ တော်တော်လေး ပြန်ကောင်းလာတာပါ။
ဒါပေမဲ့ တဖက်မှာလည်း အသင်းရဲ့ အကြွေးပမာဏဟာ ပေါင် ၁ ဒသမ ၃ ဘီလီယံ (၁,၃၀၀ သန်း) နီးပါးအထိ ရှိလာပြီ ဖြစ်ပါတယ်။
အသင်းဟာ နေ့စဉ်အသုံးစရိတ်အတွက် ဘဏ်ကနေ နောက်ထပ် ပေါင် ၂၅ သန်း ထပ်မံထုတ်ယူခဲ့သလို ကစားသမားဝယ်ယူမှုတွေအတွက် တခြားအသင်းတွေကို ပေးဖို့ကျန်တဲ့ အကြွေးတင် ပေါင်သန်း ၅၀၀ ကျော် ရှိနေပါတယ်။
အသင်းရှယ်ယာဝင် ဆာဂျင်ရက်ကလစ်ဖ်ကတော့ ဘဏ္ဍာရေးအခက်အခဲတွေ ဖြေရှင်းဖို့ ဝန်ထမ်း ၄၅၀ လျှော့ချခဲ့ပြီး ဝန်ထမ်းတွေရဲ့ အခမဲ့ စားသောက်ခွင့်တွေကို ပယ်ဖျက်ထားတာပါ။
အကြွေးများပြားနေချိန်မှာ ပေါင် ၂ ဘီလီယံတန် ကွင်းသစ်စီမံကိန်း ရှိနေတာကြောင့် ယူနိုက်တက်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က အရေးကြီးနေတာလည်း ဖြစ်ပါတယ်။


