
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ၆၀၀ မီလီမီတာ ဒုံးကျည်တွေ အများကြီးကို ပစ်လွှတ်နိုင်တဲ့ ဒုံးပစ်စင် ၁၂ ခု စမ်းသပ်ပစ်လွှတ်မှုကို ကြီးကြပ်နေတဲ့ ဗီဒီယိုကို မြောက်ကိုရီးယားအစိုးရပိုင် ရုပ်မြင်သံကြား KRT က မတ် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ခုအပတ်မှာ နှစ်စဉ် လေ့ကျင့်နေကျ အဓိကလေ့ကျင့်မှုတွေကို တောင်ကိုရီးယားမှာ စတင်အပြီး ခုလိုထုတ်ပြန်ခဲ့တာပါ။
ဒီလေ့ကျင့်မှုဟာ ၄၂၀ ကီလိုမီတာ ပစ်ခတ်နိုင်တဲ့ အကွာအဝေးအတွင်းမှာ ရန်သူတွေကို မသက်မသာ ဖြစ်စေပြီး နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေရဲ့ ဖျက်ဆီးနိုင်စွမ်းကို နက်နက်ရှိုင်းရှိုင်း နားလည် စေလိမ့်မယ်လို့လည်း ကင်မ်က ပြောပါတယ်။
KRT က ကင်မ်နဲ့ အလားအလာရှိတဲ့ ဆက်ခံသူလို့ လူသိများတဲ့ သူ့သမီး ကင်မ်ဂျူအဲတို့ လက်နက်စမ်းသပ်မှုတွေကို ကြည့်ရှုနေပုံကိုလည်း ပြသခဲ့ပါတယ်။
ဗီဒီယိုထဲမှာ ပင်လယ်ထဲက ကျွန်းလို ကျောက်တုံးတွေက ပစ်မှတ်ထားခံရပြီး မီးလျှံတွေကြားမှာ ကြေမွသွားပုံကို ပြထားပါတယ်။
ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ မြောက်ကိုရီးယားရဲ့ အရှေ့ပင်လယ်ထဲက ၃၆၄ ဒသမ ၄ ကီလိုမီတာ အကွာမှာ ရှိတဲ့ ကျွန်းပစ်မှတ်ကို ၁၀၀ ရာခိုင်နှုန်း တိတိကျကျ ထိမှန်ခဲ့တယ်လို့ KRT က ပြောပါတယ်။
မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းက ပင်လယ်ပြင်ထဲကို ပဲ့ထိန်းဒုံးကျည် ၁၀ စင်းကျော် ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က စနေနေ့မှာ ပြောပါတယ်။
အဲဒီဒုံးကျည်တွေဟာ ကိုရီးယား ၂ နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်ကနေ မိုင်နည်းနည်းအကွာ ယွန်ချွန်မှာ ပူးတွဲစစ်ရေးလေ့ကျင့်နေချိန်မှာ ပစ်လွှတ်တာလို့လည်း ပြောပါတယ်။
ဒုံးကျည်တွေကို ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ လောက်မှာ မြို့တော်ပြုံယမ်းနားက နေရာတခုကနေ ပစ်လွှတ်ခဲ့ပြီး ကီလိုမီတာ ၃၅၀ လောက် ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။
Source: Reuters


