
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ မတ် ၁၁ ရက်က လက်နက်စက်ရုံကို သွားရောက် ခဲ့တယ်လို့ KRT နိုင်ငံပိုင်ရုပ်သံမှာ ဖော်ပြခဲ့ပြီး သူ့ရဲ့ ဆယ်ကျော်သက်သမီး ကင်မ်ဂျူအဲနဲ့ စက်ရုံကို လှည့်လည်ကြည့်ရှုကာ လက်ကိုင်သေနတ်တွေကို စမ်းသပ်ပစ်ခတ်နေတဲ့ ဓာတ်ပုံတွေကို ထုတ်ပြန် ခဲ့ပါတယ်။
ဒီခရီးစဉ်အတွင်းမှာ ကင်မ်ဂျုံအန်းဟာ သေနတ်ထုတ်လုပ်ရေး လုပ်ငန်းစဉ်တွေကို ကြီးကြပ် စစ်ဆေး ခဲ့ပြီး ထုတ်လုပ်မှုအပိုင်းမှာ ခေတ်မီအောင် လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ KRT က ဖော်ပြပါတယ်။
ဒီစက်ရုံဟာ စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်ဖို့ “အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကို ထမ်းဆောင်နေတယ်” လို့လည်း သူက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒီစက်ရုံရဲ့ ထုတ်လုပ်မှုစွမ်းအားကို အမြော်အမြင်ရှိတဲ့ နည်းလမ်းနဲ့ တိုးချဲ့သွားဖို့ လိုအပ် တယ်လို့လည်း အလေးပေး ပြောကြားခဲ့တယ်လို့ KRT က ဆိုပါတယ်။
နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ နိုင်ငံရဲ့ စစ်ရေးစွမ်းရည်ကို မကြာခဏ ထုတ်ဖော် ပြသလေ့ ရှိတဲ့ ကင်မ်ဂျုံအန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အသစ်ရေချထားတဲ့ ဖျက်သင်္ဘောပေါ်ကနေ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကိုလည်း ကိုယ်တိုင်ကြီးကြပ်ခဲ့တာကို KRT က ထုတ်လွှင့်ခဲ့ပါတယ်။
ဒါ့အပြင် ကင်မ်ဂျုံအန်းရဲ့ သမီးဖြစ်သူ ကင်မ်ဂျူအဲလည်း အဲဒီလက်နက်စက်ရုံကို သွားရောက်တဲ့ ခရီးစဉ်မှာ ဖခင်နဲ့အတူ လိုက်ပါခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ ဓာတ်ပုံတွေမှာ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံတွေထဲမှာ သူတို့ သားအဖ ၂ ယောက်စလုံးဟာ သားရေဂျာကင် အနက်ရောင်တွေကို ဆင်တူ ဝတ်ဆင်ထားကြပြီး ကင်မ်ဂျူအဲဟာ စစ်အရာရှိတွေနဲ့အတူ သေနတ်ပစ်လေ့ကျင့်မှုမှာ ပါဝင် ပစ်ခတ်နေပုံတွေကိုလည်း မြင်တွေ့ရပါတယ်။
Source: Reuters


