
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တန်ချိန် ၅,၀၀၀ ရှိ ရေတပ်ဖျက်သင်္ဘောအသစ် တစင်းပေါ်ကနေ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို ကြီးကြပ်ခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင်မီဒီယာက မတ် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
မတ် ၁၀ ရက်က ချိုးဟျွန်း အမျိုးအစား ဖျက်သင်္ဘောပေါ်ကနေ စမ်းသပ်ခဲ့တဲ့ အဲဒီဒုံးကျည်တွေဟာ ပင်လယ်ပြင်ပေါ်မှာ ၃ နာရီ နီးပါးကြာ ပျံသန်းခဲ့ပြီးမှ သတ်မှတ်ထားတဲ့ ကျွန်းပစ်မှတ်တွေကို တိတိကျကျ ထိမှန်ခဲ့တာဖြစ်ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဖော်ပြပါတယ်။
အစိုးရပိုင်ရုပ်သံက ထုတ်လွှင့်တဲ့ ရုပ်သံမှတ်တမ်းတွေအရ ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သူ့သမီး ကင်မ်ဂျူအဲနဲ့အတူ ကွပ်ကဲရေးစင်တာလို့ ယူဆရတဲ့ နေရာတခုကနေ ဗီဒီယိုကတဆင့် ဒီစမ်းသပ်မှုကို ကြည့်ရှု စစ်ဆေးခဲ့တာပါ။
အဲဒီစစ်သင်္ဘောကို တာဝန်ကျတပ်တော်ထဲ တရားဝင် အသုံးပြုချိန် မတိုင်ခင်မှာ ဒုံးကျည် အမြောက်အမြားကို သင်္ဘောပေါ်ကနေ ဆက်တိုက် ပစ်ခတ်စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters


