
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တာဝန်စတင်ထမ်းဆောင်တော့မဲ့ ဖျက်သင်္ဘော အသစ် တစင်းကနေ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်မှုကို ကြီးကြပ် ခဲ့ကြောင်းနဲ့ ရေတပ်ကို နျူကလီးယားလက်နက်တွေ တပ်ဆင်ပေးနိုင်မှုဟာ “ကျေနပ်လောက်တဲ့ တိုးတက်မှု” ရှိနေကြောင်း ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က မတ် ၅ ရက်မှာ ဖော်ပြပါတယ်။
ကင်မ်ဂျုံအန်းဟာ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ အနောက်ဘက် နမ်ဖိုဆိပ်ကမ်းမြို့မှာရှိတဲ့ သင်္ဘောကျင်းကို သွားရောက်ပြီး ချိုးဟျွန်း အမည်ရှိ ဖျက်သင်္ဘောကို စစ်ဆေးခဲ့ပါတယ်။
အဲဒီနောက် သင်္ဘောဝန်ထမ်းတွေရဲ့ တိုက်ခိုက်ရေးလေ့ကျင့်မှုတွေနဲ့ ဖျက်သင်္ဘောပေါ်ကနေ ရေပြင်မှ ကုန်းပြင်ပစ် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေ ပစ်ခတ်မှုကို ကြီးကြပ်ခဲ့ပြီး ဒါဟာ စစ်သင်္ဘော ရဲ့ စစ်ဆင်ရေးစွမ်းရည်အတွက် “အဓိကကျတဲ့” အစိတ်အပိုင်း ဖြစ်တယ်လို့ အကဲဖြတ်ခဲ့ကြောင်း KCNA က ဖော်ပြပါတယ်။
နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ ချိုးဟျွန်းသင်္ဘောကနေ ခရုဇ်ဒုံးကျည် အနည်းဆုံး ၄ စင်းကို ဆက်တိုက်ပစ်ခတ်နေတာကို ကင်မ်ဂျုံအန်းက ကုန်းပေါ်ကနေ ကြည့်ရှု နေပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလမှာ မြောက်ကိုရီးယားဟာ တန်ချိန် ၅,၀၀၀ ရှိတဲ့ ဘက်စုံသုံးဖျက်သင်္ဘော ချိုးဟျွန်းကို ရေတပ်အင်အား တိုးချဲ့ဖို့ ထုတ်ဖော်ပြသခဲ့ပါတယ်။
ကင်မ်ဂျုံအန်းက ဒီသင်္ဘောဟာ “ပင်လယ်ပြင် ကာကွယ်ရေးစွမ်းရည်ရဲ့ သင်္ကေတသစ်” ဖြစ်တယ်လို့ ပြောဆိုပြီးတော့ “ရေပေါ်၊ ရေအောက် တိုက်ခိုက်ရေး အင်အားတွေဟာ အရှိန်အဟုန်နဲ့ တိုးတက်လာမှာဖြစ်ပြီး ရေတပ်ကို နျူကလီးယား တပ်ဆင်ပေးနိုင်မှုကလည်း ကျေနပ်စရာ ကောင်းအောင် တိုးတက်နေပြီ” လို့လည်း ပြောကြားခဲ့ကြောင်း KCNA က ဆိုပါတယ်။
ရှေ့လာမဲ့ ၅ နှစ်အတွင်း အမျိုးအစားတူ သို့မဟုတ် ပိုအဆင့်မြင့်တဲ့ စစ်သင်္ဘောတွေကို တနှစ်ကို ၂ စင်းနှုန်း တည်ဆောက်ဖို့လည်း ကင်မ်ဂျုံအန်းက ညွှန်ကြားခဲ့ပါတယ်။
ဒီစစ်ဆေးမှုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်က ပြီးဆုံးသွားခဲ့တဲ့ အလုပ်သမားပါတီရဲ့ ရက်သတ္တပတ်ကြာ ညီလာခံအပြီးမှာ ပေါ်ပေါက်လာတာပါ။
ပြုံယမ်းအစိုးရဟာ နျူကလီးယားလက်နက်တွေနဲ့ မဟာဗျူဟာမြောက် လက်နက်တွေကို ဆက်လက် ထုတ်လုပ်သွားဖို့ ကတိပြုထားပါတယ်။
သီးခြားသတင်းတခုအရ ကင်မ်ဂျုံအန်းဟာ မြောက်ကိုရီးယားစစ်တပ်ရဲ့ “စနိုက်ပါနေ့” (Sniper's Day) အထိမ်းအမှတ်အဖြစ် စနိုက်ပါပစ်ခတ်မှုပြိုင်ပွဲကိုလည်း ကြီးကြပ်ခဲ့ပါတယ်။
မြောက်ကိုရီးယားမီဒီယာတွေမှာ စနိုက်ပါနေ့လို့ ပထမဆုံးအကြိမ် ဖော်ပြလာတာဖြစ်ပြီး ဒါဟာ ရုရှား-ယူကရိန်းစစ်ပွဲကို ကူညီဖို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီးနောက်ပိုင်း စနိုက်ပါအင်အားစုကို အဓိက စစ်အင်အားအဖြစ် ပျိုးထောင်ဖို့ ကြိုးပမ်းနေတာ ဖြစ်နိုင်တယ်လို့ ဆိုးလ်မြို့က တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက သုံးသပ်ထားပါတယ်။
Source: Reuters


