
မြောက်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ အရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်ကို အမျိုးအမည်မသိ ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ကြောင်း မတ် ၁၄ ရက်မှာ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံး (JCS) နဲ့ ဂျပန်အစိုးရတို့ကို ကိုးကားပြီး တောင်ကိုရီးယားရဲ့ ယွန်းဟက်ပ်သတင်းဌာနက ထုတ်ပြန်ပါတယ်။
တောင်ကိုရီးယားစစ်တပ်ရဲ့ ပူးတွဲစစ်ဦးစီးချုပ်များရုံးက ပစ်လွှတ်မှုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အတည်ပြုပေမဲ့ အသေးစိတ်အချက်အလက်တွေကို မထုတ်ပြန်သေးပါဘူး။
ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကတော့ အဲဒီဒုံးကျည်မှာ ပဲ့ထိန်းဒုံးကျည် ဖြစ်နိုင်ခြေရှိပြီး ပင်လယ်ထဲကို ကျရောက်သွားခဲ့ကြောင်း ဆိုပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ၁၁ ရက်ကြာ “Freedom Shield” အမည်ရှိ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေချိန်အတွင်းမှာပဲ ဒုံးကျည်ပစ်လွှတ်မှုကို လုပ်ဆောင်တာဖြစ်ပါတယ်။
အဲဒီလေ့ကျင့်မှုကို မြောက်ကိုရီးယားဘက်က ကျူးကျော်စစ်အတွက် ပြင်ဆင်မှုအဖြစ် အမြဲတမ်း ဝေဖန် ရှုတ်ချနေတာဖြစ်ပြီး ဆိုးလ်နဲ့ ဝါရှင်တန်တို့ကတော့ ကာကွယ်ရေးအတွက်သာ ဖြစ်ကြောင်း ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံက အခုစစ်ရေးလေ့ကျင့်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး “စိတ်ကူးကြည့်လို့တောင် မရနိုင်တဲ့ ကြောက်စရာ နောက်ဆက်တွဲ ဆိုးကျိုးတွေ” ရှိလာနိုင်တယ်လို့ အခုအပတ်အစောပိုင်းက ခြိမ်းခြောက်ပြောဆိုထားပါတယ်။
မြောက်ကိုရီးယားဟာ အရင်လတွေတုန်းကလည်း ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဇန်နဝါရီ ၂၇ ရက်တုန်းက အရှေ့ပင်လယ်ဘက်ကို တာတိုပစ် ပဲ့ထိန်းဒုံးကျည် အများအပြား ပစ်လွှတ်ခဲ့ပါတယ်။
Source: Reuters


