ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးနဲ့ ဟိုပုံးမြို့နယ်မှာ မတ် ၁၂ ရက်နေ့က မိုးသီးတွေ ပြင်းပြင်းထန်ထန် ကြွေကျခဲ့တာကြောင့် ကြက်သွန်ခင်းနဲ့ စတော်ဘယ်ရီခြံတွေ အပါအဝင် စိုက်ခင်းဧက ထောင်နဲ့ချီ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
အချိန်ခါမဟုတ် မိုးရွာခဲ့ပြီး မိုးသီးတွေကလည်း အရွယ်ကြီးကြီးနဲ့ ကြွေကျလာတာကြောင့် စိုက်ခင်းတွေ ထိခိုက်ပျက်စီးခဲ့သလို ဒေသခံချို့ရဲ့ အိမ်အမိုးတွေလည်း ပေါက်ပျက်သွားတယ်လို့ ဆိုပါတယ်။
ဟိုပုံးဒေသခံတောင်သူတယောက်က “နောင်ခွံဘက်မှာ ကြက်သွန်ခြံ ဧက ၂၀၀ ကျော် ပျက်စီးသွားတယ်။ အဖူးတွေ အရွက်တွေပျက်သွားတာဆိုတော့ ပြန်ကုလို့လည်းမရတော့ဘူး။ အရှုံးဘက်ပဲရှိမှာ။ ကြက်သွန်ခြံတွေအပြင် နေအိမ် ၃၀ လောက်လည်း အမိုးတွေပေါက်သွားတယ်။ သွပ်တွေလည်းပြန်လဲရတယ်။ ခုလိုဖြစ်တော့ လာမယ့်နှစ် စားဝတ်နေရေးအတွက် စိုးရိမ်ရတာတွေရှိတယ်” လို့ ပြောပါတယ်။
တောင်ကြီးက ၆ မိုင်၊ ဟိုပုံးက တနွိုင်ထုံ၊ နောင်ခွံ၊ နောင်ဗုတ် စတဲ့ရွာတွေမှာ အပျက်အစီးများခဲ့ပြီး စုံစမ်းသိရှိရသလောက် စိုက်ဧက ၂,၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။
ဒေသခံတောင်သူတယောက်က “မိုးသီး တလုံးတလုံးဆို တလက်မလောက်ရှိတယ်။ မိုးရွာတာလည်း တနာရီလောက်ရှိတော့ စိုက်ပျိုးထားတဲ့ စတော်ဘယ်ရီအသီးတွေ ပျက်စီးသွားသလို ကြက်သွန်ပင်တွေကလည်း အဖူးတွေ ကျိုးကုန်တယ်။ ဒီနှစ်အတွက် အထွက်ရဖို့ မျှော်လင့်ထားသလို မရနိုင်တော့ဘူး” လို့ ပြောပါတယ်။
မိုးသီးကြောင့် စိုက်ခင်းတွေပျက်စီးသွားပြီး အရင်းတောင် ပြန်မရနိုင်တော့တဲ့ အခြေအနေကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
တောင်ကြီးဒေသခံ တောင်သူတယောက်က “မိုးသီးကြွေတော့ စိုက်ခင်းတွေ ပျက်စီးသွားပြီး အရင်းတောင် ပြန်မရနိုင်တော့ဘူး။ နောက်ထပ် ပြန်စိုက်ဖို့တောင် အခက်အခဲ ဖြစ်နေတယ်။ မြေဩဇာ၊ ဖျန်းဆေးနဲ့ အလုပ်သမားခတွေ အများကြီး ကုန်ထားပြီးသား” လို့ ပြောပါတယ်။
မိုးသီးကြွေလို့ စတော်ဘယ်ရီနဲ့ ကြက်သွန်စိုက်ခင်းတွေတင်မကဘဲ အာလူး၊ ဂေါ်ဖီနဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းတချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တောင်ကြီးနဲ့ ဟိုပုံးဒေသမှာ စတော်ဘယ်ရီ၊ ကြက်သွန်နဲ့ ဟင်းသီးဟင်းရွက်မျိုးစုံကို အဓိက စိုက်ပျိုးကြပြီး ဒေသခံအများစုရဲ့ ဝင်ငွေဟာလည်း အဲဒီစိုက်ပျိုးရေးလုပ်ငန်းပေါ်မှာပဲ အခြေခံထားတယ်လို့ သိရပါတယ်။





