
စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းဟာ အယ်လ်ချီကို (၄-၁) ဂိုး နဲ့ အနိုင်ယူပြီး ဇယားထိပ်က ဘာစီလိုနာထက် တပွဲပိုကစားထားကာ ၁ မှတ်အကွာကို ရောက်ရှိလာပါတယ်။
တူရကီကြယ်ပွင့် အာဒါဂူလာဟာ ကွင်းလယ်စည်းနားကနေ ဂိုးသမားကို ကျော်ပြီး အံ့မခန်း ဂိုးသွင်းယူခဲ့သလို နည်းပြအာဘီလိုအာကလည်း “ထူးခြားဆန်းပြားလွန်းတယ်”လို့ ချီးကျူးခဲ့ပါတယ်။
ရီးရဲလ်အတွက် တခြားဂိုးတွေကို ရူဒီဂါ၊ ဗယ်ဗာဒီနဲ့ ဟူဆန်တို့က သွင်းယူပေးခဲ့ပါတယ်။
ဗယ်ဗာဒီဟာ မန်စီးတီးနဲ့ပွဲမှာ ဟက်ထရစ်သွင်းခဲ့သလို အခုပွဲမှာလည်း ဂိုးထပ်ရခဲ့တာကြောင့် ၃ ပွဲအတွင်း ၅ ဂိုးအထိ ရှိလာခဲ့တာပါ။
ဒဏ်ရာကြောင့် လွဲချော်နေတဲ့ ဘာပေဟာ လာမဲ့ အင်္ဂါနေ့ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပြန်လည်ပါဝင်လာနိုင်မယ်လို့ သိရပါတယ်။
လက်ရှိမှာ ရီးရဲလ်ဟာ ဘာစီလိုနာထက် တပွဲပိုကစားထားပြီး ဖိအားပေးထားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဘာစီလိုနာကတော့ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဆီဗီလာနဲ့ နူးကမ့်မှာ ရင်ဆိုင်ကစားသွားရမှာ ဖြစ်ပါတယ်။


