
ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ ကွင်းလယ်လူ ဗယ်ဗာဒီရဲ့ ပထမပိုင်း ဟက်ထရစ်သွင်းဂိုးတွေနဲ့အတူ မန်စီးတီးကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
ဘယ်လင်ဟမ်နဲ့ အမ်ဘာပေတို့ မပါဝင်နိုင်ပေမဲ့ ဗယ်ဗာဒီဟာ ပွဲချိန် ၂၀ မိနစ်ကနေစပြီး မိနစ်ပိုင်းအတွင်းမှာတင် စီးတီးခံစစ်ကို အနိုင်ယူသွားခဲ့တာပါ။
မန်စီးတီးဟာ ဒုတိယပိုင်းမှာ ပင်နယ်တီပေးခဲ့ရပေမဲ့ ဂိုးသမား ဒွန်နာရမ်မာ ကာကွယ်နိုင်ခဲ့လို့ ၄ ဂိုးပြတ်ဖြစ်မဲ့ အခြေအနေကနေ သီသီလေး လွတ်မြောက်ခဲ့ပါတယ်။
တိုက်စစ်မှူး ဟာလန်းလည်း ရီးရဲလ်ခံစစ်ကြားမှာ ပျောက်ဆုံးနေခဲ့သလို ရရှိတဲ့ ဂိုးသွင်းခွင့်တွေကိုလည်း ဂိုးသမား ကော်တွိုက်စ်က အကောင်းဆုံး ကာကွယ်သွားခဲ့တာပါ။
ဒီဂိုးပြတ်ရှုံးပွဲကြောင့် မန်စီးတီးအနေနဲ့ ဒုတိယအကျော့ အီတီဟတ်ကွင်းမှာ နောက်တဆင့်တက်ဖို့ တကယ့်ကို ခက်ခက်ခဲခဲ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။


