
စပိန်လာလီဂါပွဲစဉ် ၂၇ ရဲ့ အစောဆုံးပွဲအဖြစ် ဆဲလ်တာဗီဂိုအသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ ဆဲလ်တာဗီဂိုအိမ်ကွင်းမှာ ဒီနေ့ မနက်အစောပိုင်းက ကစားခဲ့ရာမှာ ဧည့်သည် ရီးရဲလ်အသင်းက နာကျင်အချိန်ပိုမှာ ကွင်းလယ်လူ ဗယ်လ်ဗာဒီ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ ရီးရဲလ်က ပွဲအစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့သလို ဆဲလ်တာဗီဂိုကလည်း တန်ပြန်တိုက်စစ်တွေကနေ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၈ မိနစ်မှာ ရီးရဲလ် တိုက်စစ်မှူး ဗင်နီးဆီးယပ်စ် အပိုင်ကန်သွင်းခဲ့ပေမဲ့ တိုင်ထိပြီးထွက်သွားခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန် ၁၁ မိနစ်မှာတော့ ထောင့်ကန်ဘောကနေတဆင့်ခံ ပေးလာတဲ့ ဘောလုံးကို ရီးရဲ ကွင်းလယ်လူ ချောင်မန်နီက ပင်နယ်တီ ဧရိယာထိပ်ကနေ ကန်သွင်းပြီးဦးဆောင်ဂိုးရခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန် ၂၅ မိနစ်မှာ ဆဲလ်တာဗီဂို တိုက်စစ်မှူး အစ်ဂလီဆီးယက်စ်က ချေပဂိုးပြန်သွင်းခဲ့ပါတယ်။
အဲဒီနောက် နှစ်ဖက်စလုံး အပြန်အလှန်ဂိုးသွင်းဖို့ကြိုးစားခဲ့ကြပေမဲ့ ဂိုးမရခဲ့ပါဘူး။ သာမန်ပွဲကစားချိန်ပြီးလို့ နာကျင်အချိန်ပို ၉၄ မိနစ်မှာတော့ ရီးရဲလ်ကွင်းလယ်လူ ဗယ်လ်ဗာဒီရဲ့ ကန်ချက်က ဆဲလ်တာဗီဂို အသင်းကစားသမားနဲ့ထိပြီး လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားတဲ့အတွက် ပွဲအပြီးမှာ ရီးရဲလ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။


